နေပြည်တော် ၁၀ စက်တင်ဘာ 


        
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၏ နည်းပြများနှင့်သင်တန်းသူများသည် ယနေ့တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာန၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏အသက် (၆)လမှ (၃)နှစ်အရွယ် ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုကို လက်တွေ့လေ့လာကြသည်။


    
ထို့နောက် သင်တန်းနည်းပြများနှင့် သင်တန်းသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တွေ့ဆုံ၍ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်သည့် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးပြုစု သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းတွင်ဝန်ကြီးဌာန အသီးသီးမှ ကလေးငယ်များအား ပြုစုစောင့်ရှောက်ရန် စိတ်ပါဝင်စားကြ၍ တက်ရောက်ကြသော ဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်ကြားမှု သင်ရိုးညွန်းတမ်းနှင့် နည်းလမ်းများသည် အသက်(၆)လမှ (၃)နှစ်အရွယ် ကလေးပြုစုသူများအတွက် နိုင်ငံတကာသုတေသနရလဒ်များမှ အတည်ပြုထားသော အခြေအမြစ်ခိုင်မာသော၊ စနစ်ကျသော နည်းလမ်းများဖြစ်ကြောင်း။

 

သင်ယူတတ်မြောက်ပြီးပါက သင်တန်းသူများ၏ မိသားစုအတွင်းရှိ ကလေးငယ်များအား ပြုစုပျိုးထောင်ခြင်းနှင့် ပတ်ဝန်းကျင်ရှိ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများအား ပြန်လည်အသိပေးမျှဝေခြင်းနှင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းမိခင်များ၏ ကလေးများအတွက် နေ့ကလေးထိန်းဌာန ဖွင့်လှစ်ပြီး ပြန်လည်အသုံးချသွားနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ပြဋ္ဌာန်းပြီးဖြစ်သော “ရှေးဦးအရွယ်ကလေး သူငယ်ပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ” နှင့် “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ” တို့ကို အသေအချာ လေ့လာကြပြီး ကလေးများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကိုဖန်တီးပေးရေး တာဝန်ယူပေးကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားသည်။


    
အဆိုပါ အသက် (၆)လမှ (၃)နှစ်အရွယ်ရှေးဦး အရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို (၂၁) ရက်တာ သင်ကြားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသူ(၅၆)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်