ခေါင်လန်ဖူး ၂၀ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဘိုးအဘွားများအား အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို အိမ်အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အဘိုးအဘွားများ အတွက် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ပြီး နှာခေါင်းစည်းများတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို မိုးရာသီအချိန်၌ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသများတွင် ဆေးရုံသို့ မသွားရောက်နိုင်သည့် အဘိုးအဘွားများထံသို့ အိမ်တိုင်ရာရောက် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်း ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မိုးများလွန်းသည့် ဇွန်လမှ စက်တင်ဘာလအထိအိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီက ပြောသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများတွင် ခေါင်လန်ဖူးမြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်မှ အသက်(၈၀) နှစ်အထက်အဘိုး( ၃) ဦးနှင့် အဘွား(၄)ဦး စုစုပေါင်း(၇)ဦးအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို သွေးချိုစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ဆေးထိုး ဆေးတိုက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


