မြဝတီ ၂၄ ဇွန်
ကရင်ပြည်နယ်၊ မြဝတီမြို့၌ အသက် ၈၅ နှစ်အထက်ဘိုး ဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဧပြီ၊ မေ၊ ဇွန်) တတိယ သုံးလပတ်အတွက် သက်ကြီးအဘိုးအသွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် သုံးသောင်းနှင့် လူမှုရေးဝန်ထမ်း ဦးစီးဌာန၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ပူးပေါင်းပြီး ငွေကျပ်စုစုပေါင်း ခြောက်သောင်းကို မြဝတီမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၁၆၀ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၀ဝ၀ဝ၀၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့်တို့မှမွေးဖွား လာသောအသက်(၂) နှစ်အောက် ကလေးငယ် ၆၃၀၈ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁၈၉၂၄၀ဝ၀ဝ အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ၃ သောင်းကျပ်ကို မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဘို၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြဝတီမြို့ အမှတ် ၄ နှင့် အမှတ် ၅ ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးငယ်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


