မဟာအောင်မြေ ၁၈ ဇွန်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် အဘိုးအဘွား ၇၄၀ ဦးအား လူမှုရေးပင်စင် (ဧပြီ၊ မေ၊ ဇွန်) သုံးလစာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ တို့အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မဟာအောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးနှင့် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုးတို့က ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့သည်။
မဟာအောင်မြေ မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၈)ရပ်ကွက်ရှိပြီး အသက်(၈၅)နှစ်နှင့်အထက် အဘိုး ၂၆၇ ဦးနှင့် အဘွား ၄၇၃ ဦး စုစုပေါင်း ၇၄၀ ဦးရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်များကို နိုင်ငံတော်၏အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ထောက်ပံ့ပေးခြင်း ဖြစ်သည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)


