ပုသိမ် ၁၇ အောက်တိုဘာ
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် ဧရာတိုင်းဒေသကြီးအဆင့် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် (၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ အောက်တိုဘာ ၁၆ ရက် ညနေ ၃ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က ယခုလို မြန်မာဘောလုံးအားကစားအတွက် အခြေခံကျသည့်လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံပေးတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က လူငယ်ဘောလုံးပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် အနာဂတ်လက်ရွေးစင်အသင်း အဆင့်ဆင့်အတွက် တစ်ချိန်တွင် အားထားရမည့် မျိုးဆက်သစ် အားကစားသမားကောင်းလေးများ မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ် ကစားသမားလေးတွေ အနေနဲ့လည်း မိမိတို့ကျောင်း၊ မိမိတို့မြို့နယ်၊ မိမိတို့ခရိုင် ကိုယ်စားပြုပြီး ဂုဏ်ဆောင်နိုင်သည့် အောင်မြင်မှုများ ရယူပေးနိုင်သော ကစားသမားကောင်းလေးတွေ ဖြစ်ရုံမကဘဲ တစ်ချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ကစားသမားကောင်းများ ဖြစ်လာစေဖို့အတွက် ရည်မှန်းချက်ကြီးကြီးထား ကြိုးစားသွားကြရန် အလေးအနက်ထား တိုက်တွန်းပြောဆိုခဲ့သည်။

ပြိုင်ပွဲများတွင် ခိုက်ရန်ဖြစ်ပွားခြင်း၊ စည်ကမ်းဥပဒေတစ်ခုခု ချိုးဖောက်၍ အရေးယူခံရခြင်း၊ ပြိုင်ပွဲ အနှောင့်အယှက်ဖြစ်စေသော မလိုလားအပ်သော အပြုအမူများ မဖြစ်ပွားစေရန် အားလုံးမှ စည်းကမ်းတကျနှင့် ပါဝင်ယှဉ်ပြိုင်ကစားကြရန် ဝန်ကြီးချုပ်မှ ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
တိုးဝေဇင်(တိုင်း ပြန်/ဆက်)