စေတုတ္တရာ ၁၉ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မြို့နယ် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်ငန်းကျေးရွာ၊ ဆားတွင်းကျေးရွာနှင့် ဖအိုင်းကျေးရွာတို့မှ ဒေသခံပြည်သူများအား မြန်မာနိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Social Distancing စနစ်ဖြင့် စနစ်တကျဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


