ဘုတလင်   ၂၂   ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်း ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး မဟာဗန္ဓုလ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက အမှာစကား ပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်း ထောက်ပံ့ငွေများ ပေးအပ်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား ၇၅၉ ဦးအတွက် ဘိုးဘွားတစ်ဦး လျှင် ဧပြီ၊ မေ၊ ဇွန်လ လူမှုရေးပင်စင် ငွေသုံးသောင်းကျပ်နှင့် ကိုဗစ်-၁၉ ရောဂါကာလ ထပ်ဆောင်း ထောက်ပံ့ငွေ သုံးသောင်းကျပ်၊ စုစုပေါင်း ခြောက်သောင်းကျပ်စီကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ရောဂါကာလ ထပ်ဆောင်းထောက်ပံ့ငွေများကို သက်ကြီး ဘိုးဘွားများထံသို့ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)