၁၁ ဇန်နဝါရီ
ဂီတသက်တမ်း ၁၉ နှစ်အတွင်း တေးသီချင်းများစွာကို သီဆိုခဲ့သည့် ချင်းတိုင်းရင်းသူ အဆိုတော် ဆုန်သင်ပါရ် အနေဖြင့် တေးသီချင်းတွေဖြင့် ကင်းကွာနေရာမှ မကြာမီကျင်းပပြုလုပ်မည့် " 9 Dream Show " တွင် တွေ့မြင်ရမည်ဖြစ်ပြီး၊ ဂီတလောကအပေါ် သူ၏ခံစားမှုအချို့ကို ယခုလိုပြောကြားလာခဲ့သည်။
"ဆုန်သင်းက တိတ်ခွေခေတ်ကိုလည်း မီခဲ့ပါတယ်။ အရင်ကတော့ သီချင်းတွေက သက်တမ်းရှည်တယ်။ ကိုယ်တိုင် လက်ဖက်ရည်ဆိုင်သွားထိုင်ရင်း နားထောင်တာမျိုးဖြစ်ဖြစ် ကိုယ့်အိမ်မှာနားထောင်တာပဲဖြစ်ဖြစ် ကက်ဆက်ခွေတစ်ခွေကို အကြာကြီး နားထောင်ရတယ်။ လနဲ့ချီပြီးတော့ နားထောင်ရတာ။ တချို့အခွေတွေဆို နှစ်ပေါက်တယ်။ နောက်ပိုင်း CD နဲ့ နားထောင်ရတဲ့ ခေတ်ဖြစ်လာတယ်။ အခုကတော့ Onlin ပေါ်မှာတင်လိုက် တဲ့ အချိန်ခဏလေးပဲ။ ကြည့်ရတယ်။ အဆိုတော်တွေကလည်း အများကြီးပဲ။ သူ့သီချင်းကိုယ့် သီချင်းအကုန်တင်နေကြတော့ သီချင်းသက်တမ်းလည်း ပိုတိုသွားတာ တွေ့ရတယ်။
ဒီကိစ္စကကမ္ဘာနဲ့ အဝှမ်းမှာလည်းရှိပါတယ်။ ပြည်ပက အဆိုတော်တွေလည်း ဒါမျိုးနဲ့ပဲ သွားနေကြတာပါ။ နောက်ပိုင်းဆို CD တွေ ဘာတွေဆိုတာ ပျောက်တောင် ပျောက်သွားမယ်ထင်တယ်။ ဆုန်သင်းတို့ ငယ်ငယ်က အရမ်းကို တက်တက်ကြွကြွနဲ့လုပ်ခဲ့တာ။ အခု အသက်ကြီးလာလို့လားမသိဘူး။
သီချင်းအပေါ် ခံစားတာတွေ မတူတော့ဘူး။ အကြိုက်လည်း မတူတော့ဘူး။ အသက်အရွယ်ကြောင့်ဖြစ်မယ် ထင်တယ်'' လို့ တေးသံရှင် ဆုန်သင်းပါရ်က ပြောပါတယ်။
Social Media ခေတ်ဆိုပေမဲ့ Online ပေါ်မှာ သိပ်မရှိတတ်တာကြောင့် မီဒီယာတွေ ပရိသတ်တွေနဲ့ အနည်းငယ် စိမ်းနေတယ်လို့ ထင်ရပေမယ့် ပုံမှန်တော့ နယ်ပွဲတွေမှာ ဆိုဖြစ်နေပြီး သူမရဲ့ တစ်ကိုယ်တော်ခွေကို ဒီနှစ်ကုန်ရင်ထွက်ဖြစ်အောင်တော့ ကြိုးစားနေတယ်လို့သိရပါတယ်။
''ဆုန်သင်းက ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတဲ့သူဆိုတော့ Social Network သိပ်မသုံးဖြစ်ဘူး။ ပွဲတွေကတော့ ဆက်တိုက်သွားနေပါတယ်။
တစ်လကို လေးပွဲ ငါးပွဲလောက်တော့ ခရီးသွားဖြစ်တယ်။ အခုနောက်ပိုင်းတော့ သီချင်းတွေလုပ်ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်လုပ်ပြီး Online ကနေ လွှင့်တယ်။ ဆုန်သင်းတို့လည်း သီချင်းတစ်ပုဒ်လုပ်ပြီးရင် Online မှာတင်ပြီး ပရိသတ်ကို ပေးကြတာလေ။ ခေတ်ရဲ့ အလိုအရ ခေတ်ရေစီးကြောင်းအတိုင်းတော့ သွားရတာပါပဲ။ ဆုန်သင်းတို့က အဆိုရှင်တစ်ယောက်အနေနဲ့ ဘာလုပ်ရမယ်ဆို မသိသေးပါဘူး။ ကိုယ်လည်း သူများလုပ်သလိုပဲ လိုက်လုပ်နေတာပါပဲ။ ဆုန်သင်းရဲ့ သီချင်းတစ်ပုဒ်လုပ်ပြီးသွားရင် ဒါကို MV ရိုက်တာမျိုးတွေ။ Online မှာ လွှင့်တာမျိုးပဲ ဖြစ်ဖြစ်လုပ်သွားမှာပါ။ ဆုန်သင်းကတော့ သီချင်းတွေကို Online တင်ပေမယ့် အခွေလည်း ထုတ်ဖြစ်မှာပါ။ ကိုယ့်ရဲ့မှတ်တိုင် တစ်ခုအနေနဲ့တော့ အခွေထုတ်ဖြစ်အောင် လုပ်မှာပါ။ ဆုန်သင်းရဲ့ တစ်ကိုယ်တော် အခွေကို ဒီနှစ်ထဲမှာတော့ ထွက်ဖြစ်အောင်လုပ်နေတယ် " ဟု ဆိုပါတယ်။
ကိုလင်း