ဒီးမော့ဆို၊ ၈ ဇန်နဝါရီ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူ ပြုနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲက ဒီးမော့ဆို ကျေးရွာအုပ်စု ဒေါငံခါးကျေးရွာ ရပ်ကွက် (၂) ခန်းမဆောင်၌ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောစိန်ထွန်း တို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က သင်တန်းမှ သင်ကြားပေးခဲ့သော အတွေ့အကြုံများကို လက်တွေ့နယ်ပယ်တွင် ကောင်းစွာအသုံးချပြီး မိသားစုဝင်ငွေ ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးကျော်သူအောင် က သင်တန်းတွင် ပထမဆုရရှိသော သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံး ဆုချီးမြှင့်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လကျော်အတွင်း ရင်ဖုံး၊ ရှပ်၊ ဘလောက်စ်၊ ဝမ်းဆက်နှင့် ကုတ်အင်္ကျီချုပ်နည်း၊ ကလစ်ပြုလုပ်နည်း၊ မာဖလာနှင့် ဘောင်တဘက် ထိုးနည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


