လှည်းကူး၊ ၆ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ် သင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့နံနက်ပိုင်းက ဒါးပိန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်နှင့် မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေးတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးလှမျိုးအောင်က ကိုဗစ်-၁၉ရောဂါကာလ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် ကျေးရွာတွင်ရှိသောအမျိုးသား အမျိုးသမီး လူငယ်များအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးကြောင်း၊ သင်တန်းများဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေပြီး ဆင်းရဲမှုလျော့ကျစေရန် အဓိကထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ရွှေတောင်ပံကျေးရွာ မော်တာစက်ချုပ် သင်တန်းဖွင့်လှစ်ပြီးလျှင် ကန်ကြီးစုကျေးရွာနှင့် ဇလုပ်ကြီးကျေးရွာတို့မှာလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခြေခံမော်တာစက်ချုပ်သင်တန်းကို ဇန်နဝါရီ ၅ ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထိ ၄၅ ရက်ကြာမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာမ ၁ ဦးနှင့် စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၅ ဦးဖြင့် သင်တန်းပို့ချနေကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


