အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်

နေပြည်တော်  ၁  မတ်

ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးမှ စီးပွားဖြစ် စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ မှိုစိုက်ပျိုးနည်းသင်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်က ကျေးလက်နေ ပြည်သူများအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပို့ချပေးနေမှု အခြေအနေများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးချိုက မှိုစိုက်ပျိုးရေးသင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို နေပြည်တော်အတွင်းရှိ ကျေးရွာများမှ မှိုစိုက်ပျိုးရေး စိတ်ပါဝင်စားသူ (၂၂)ဦးကို စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးချိုနှင့် မှိုသုတေသနနှင့် ပညာဖွံ့ဖြိုးရေးခြံ ၉ မိုင်မှ ဦးတင်အောင်သန်းတို့က မှိုမျိုးစုံစိုက်ပျိုးနည်းကို တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)