ကွန်ဟိန်း ဇွန် ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ လူနေမှုဘဝ မြှင့်တင်ရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူးက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရင်း လုပ်ကိုင်နိုင်သော အတတ်ပညာဖြစ်သောကြောင့် သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ သင်တန်းနည်းပြ ဦးစိုးထက်အောင်က သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သင်ထောက်ကူ ပစ္စည်းများအား သင်တန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းသို့ သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းတွင် နာနတ်သီးယို၊ သရက်ယို၊ ခရမ်းချဉ်သီးယို၊ ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်း အစရှိသည်များကို သင်တန်းနည်းပြက စာတွေ့လက်တွေ့ ၇ ရက်ကြာ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူးထံမှ သိရသည်။

 

ငြိမ်းသူ