နေပြည်တော် ဩဂုတ် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်း သင်တန်းသား/ သင်တန်းသူအား သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချ သင်ကြားပေးခဲ့သော ဘာသာရပ်များအပေါ် ခြုံငုံသုံးသပ်၍ မိမိတို့ လက်တွေ့လုပ်ငန်း နယ်ပယ်တွင် အသုံးချနိုင်ရေး ဆောင်ရွက်သွားရန်၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရာတွင် အမှန်တကယ် အကျိုးရှိ ထိရောက်အောင် စီမံဆောင်ရွက်သွားကြရန်၊ သင်တန်းဆင်း ကျေးရွာသူ ကျေးရွာသားများကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်သွားကြရန်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်လုပ် ထုံးလုပ်နည်း၊ လက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အခြေခံ လူသုံးကုန်ပစ္စည်းများကို ပြင်ပထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် “ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်းဆိုင်” ဖွင့်လှစ်ရောင်းချပေး နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရှိစေရေး၊ စီမံကိန်းတွင် ပြောင်းလဲအသုံးပြုနေသော ဒီဂျစ်တယ် နည်းပညာများဖြစ်သည့် Mobile Financial Payment စနစ် အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် MIS စနစ် လက်တွေ့အသုံးပြုမှုများကို ကျွမ်းကျင်စွာတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၌ ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard ဆောင်ရွက်ထားရှိမှုများ တင်ပြခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်နေသော ဝန်ထမ်းများအား သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက GIS နည်းပညာဖြင့် လမ်းကွန်ရက် ချိတ်ဆက်မှုပြ မြေပုံများ ရေးဆွဲဆောင်ရွက်နေမှုနှင့် ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard စမ်း သပ်ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက GIS နည်းပညာ ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း စီမံခန့်ခွဲပေးရမည့်ကိစ္စများအပေါ် လျင် လျင်မြန်မြန် ဆုံးဖြတ်ချက်ပေးနိုင်ခြင်း၊ လမ်းရေရှည်ကောင်းမွန်ရေး သုတေသနလုပ်ငန်း များအတွက် အရေးပါခြင်းနှင့် လမ်းကွန်ရက် ချိတ်ဆက်မှုများ ဆောင်ရွက်ရာ၌ များစွာပံ့ပိုး ပေးနိုင်ခြင်းတို့ကြောင့် GIS နည်းပညာကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းသက်သာဆိုင်ဖွင့်လှစ် ရောင်းချနိုင်ရေး မြေနေရာ စီစဉ်ထားရှိမှု၊ ဦးစီးဌာနများ စားရိပ်သာ၌ ဝန်ထမ်းများအတွက် နေ့လယ်စာ ချက်ပြုတ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ရေစစ် ကန် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ ရေစက်ရုံ၊ ခြံစည်းရိုးကာရံခြင်းနှင့် ရေပိုက်လိုင်း ၃၂၂၀ ပေသွယ်တန်းခြင်းလုပ်ငန်းများနှင့် ကျေးရွာတောင်သူ ဦးအောင်ခိုင်၏ လယ်မြေများ တွင် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် GW11 မိုးစပါး စိုက်ပျိုးထားရှိမှု အခြေ အနေတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်