ချောက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သစ်သီးဝလံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ဖျော်ရည်နှင့် ယိုအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားနှင့် (၃/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေ လုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက အသက်မွေးဝမ်းကျောင်းပညာသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက သင်တန်းဆင်းပွဲ အခမ်းအနားနှင့် (၃/၂၀၂၂) သင်တန်း ဖွင့်လှစ်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကာ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
(၂/၂၀၂၂)သင်တန်းတွင် အသီးအနှံများမှ ဖျော်ရည်၊ ယိုမျိုးစုံ အမျိုးမျိုးထုတ်လုပ်နည်း (၂၁)မျိုး သင်ကြားပို့ချပေးနိုင်ခဲ့ပြီး (၃/၂၀၂၂)သင်တန်းကို ဇွန် (၂၁)ရက်မှ ဇွန် ၂၇ ရက်အထိ သင်တန်းသား/ သင်တန်းသူ (၂၁)ဦးအား စရိတ်ငြိမ်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
ကျော်မိုး(ပြန်/ဆက်)