နွေအကုန်မိုးအကူး ရာသီပြောင်းချိန်တွင် လူတို့၏ ကိုယ်ခံအားတို့ကလည်း ကျသည်။ ကူးစက်တတ်သည့် ရောဂါများကို ခုခံကာကွယ်သည့် စွမ်းအားတို့ ကျဆင်းချိန်တွင် ပြင်ပမှ ရောဂါများ ကူးစက်ပျံ့နှံ့လွယ်ကြသည်။ လူနေထူထပ်သည့်ဒေသ၊ ပတ်ဝန်းကျင်ညစ်ညမ်းသည့် ဒေသများတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့တတ်သည့် သဘောလည်းရှိသည်။

၂၀၁၇ခုနှစ်အတွင်းက ရာသီတုပ်ကွေး A (H1N1) ကူးစက်ဖြစ်ပွား ခဲ့ရာတွင် အဖိတ်အစဉ်ရှိခဲ့သည်။ ရာသီတုပ်ကွေးတို့၏ သဘောသဘာဝအရ နှစ်စဉ် ရာသီကူးပြောင်းချိန် ရောက်လျှင် တစ်ပတ်ပြန်လည် ရောက်လာတတ်စမြဲမို့ သတိထားကြဖို့ လိုသည်။ လေထဲမှ ကူးစက်တတ်သည့် ရောဂါဖြစ်သည့်အတွက် လူထူသည့်နေရာ၊ လူကျပ်သည့် နေရာများကို တတ်နိုင် သမျှ ရှောင်သင့်သည်။ အသက်ရှူထုတ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း တို့ကြောင့် ရောဂါပိုးတို့ လေထဲသို့ရောက်သွားသည်။ ယင်းနောက် အသက် ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ နောက်တစ်မျိုးကူးစက် နည်းမှာ ချွဲ၊ သလိပ်၊ နှာရည်နှင့် တုပ်ကွေးဖြစ်နေသူ သုံးစွဲသည့် အသုံးအဆောင်ပစ္စည်းများကို ထိမိ၊ ကိုင်မိရာမှ ကူးစက်ခြင်းဖြစ်သည်။ ခန္ဓာကိုယ် တွင် ကိုယ်ခံအားကျဆင်းချိန်၌ ကူးစက်ရောဂါပိုးတို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည့်အတွက် အိပ်ရေးဝဝ အိပ်စက်ခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ မိမိခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြှင့်တင်ကာ ရောဂါကို ဝင်မလာအောင် ကာကွယ်နိုင်ကြသည်။

ရာသီတုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန်အတွက် ချောင်းဆိုး၊ နှာချေသည့်အခါ တစ်ခါသုံး တစ်သျှူးဖြင့် နှာခေါင်းနှင့် ပါးစပ် တို့ပိတ်ပြီးမှ ချောင်းဆိုး၊ နှာချေရန်၊ သုံးပြီးသည့် တစ်သျှူးကို ချက်ချင်း သေချာစွာ စွန့်ပစ်ရန်၊ လက်ကိုဆပ်ပြာဖြင့် ပုံမှန်ဆေးကြောရန်၊ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ပြသလာပါက ကျန်းမာရေးအကြံပေးမှုကို ချက်ချင်းယူရန်၊ မိမိတွင် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ ပြသနေပါက အခြားသူများကို မကူးစက်စေရန်အတွက် ၎င်းတို့နှင့် အနည်းဆုံး တစ်မီတာအကွာတွင်နေရန်၊ မိမိတွင် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာ ဖြစ်နေပါက အလုပ်၊ ကျောင်း၊ လူထူထပ်သည့် နေရာများသို့ မသွားဘဲ အိမ်တွင်သာနေရန်၊ ပွေ့ဖက်နမ်းရှုတ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ကို ရှောင်ကြဉ်ရန်၊ မသန့်စင် ရသေးသော လက်များဖြင့် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့ကို မထိတွေ့စေရန် စသည်ဖြင့် ရာသီတုပ်ကွေး ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြံပြုထားသည်။

ရာသီတုပ်ကွေးရောဂါ A (H1N1) သည် အလွယ်တကူ ကူးစက်နိုင်ပြီး အသက်သေဆုံးနိုင်သည်အထိ ရောဂါဖြစ်သလို ကုသပျောက်ကင်းနိုင် သည့် ရောဂါလည်း ဖြစ်သည်။ မိမိကို ရောဂါအလွယ်တကူ ဝင်ရောက်မလာစေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို ကျင့်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ “အသက်ဉာဏ်စောင့်” ဆိုသကဲ့သို့ပင် သတိသမ္ပဇဉ်ဉာဏ် အမြော်အမြင်ဖြင့် အသက်ရှည်ရာ ရောဂါမဲ့ကြောင်း မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ကြပါစေကြောင်း။     ။