၇  သြဂုတ်

 

ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာနမှာ  ၂၀ဝ၀  ပြည့်နှစ်မတိုင်ခင်   အချိန်တွေလောက်ကတည်းက ဆောင်ပုဒ်ရှိခဲ့သည်။

 

၁။  လူတိုင်းသက်တမ်းစေ့   အသက်ရှည်စွာ နေနိုင်ရေး။
၂။  လူတိုင်း ရောဂါဘယကင်းရှင်းရေးဟု ဖြစ်သည်။အလွယ်ပြောရလျှင်တော့ အသက်ရှည်ရာ အနာမဲ့ကြောင်းပေါ့။

 

အဲသည်ခေါင်းစဉ်နှင့်  ကျွန်တော်ဆောင်းပါးရှည်ကြီးတစ်ပုဒ်  ရေးခဲ့ဖူးသည်။  ကလေးကျန်းမာရေးဆိုင်ရာ  အယူအဆအမှားများပေါင်းချုပ်(၂၀၁၉)တွင် ပါပြီးဖြစ်သည်။ သည်မှာတော့ ကျွန်တော်အနှစ်ချုပ်ကလေး ပြန်ပြောချင်သည်။ ပြောချင်မိရသည့် အကြောင်းကတော့ မြန်မာနိုင်ငံ၏  ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးနှင့်ပတ်သက်လျှင် ဆရာဝန်တွေအပေါ်မှာ တော်တော်အပြစ်ပြောနေကြတာတွေ နေ့တိုင်းကြားနေ၊ မြင်နေရ၍  ဖြစ်သည်။    ထုံးစံအတိုင်း    စာရေးဆရာ  ဆရာဝန်ဆိုတော့  ဆရာဝန်တွေဘက်က  နည်းနည်းရှေ့နေလိုက်ချင်တာဖြစ်သည်။    အထူးသဖြင့်  အစိုးရ ဆေးရုံတွေမှာ အလုပ်လုပ်နေကြသော သားသမီးအရွယ်ဆရာဝန်လေးတွေနဲ့ ဆရာမလေးတွေ ဘက်ကပေါ့။

 

မြန်မာနိုင်ငံ၏  ကျန်းမာရေးစောင့်ရှောက်မှုက ကောင်းနေလို့လားဟု မေးလျှင်တော့ လိုနေတာတွေများ နေတုန်းပါပဲဟု ပွင့်ပွင့်လင်းလင်း ဝန်ခံရမည် ဖြစ်သည်။ကျွန်တော်အလုပ်စဝင်သည့် လွန်ခဲ့သည့် ၃၂ နှစ်ကနှင့်စာလျှင် တော်တော်ကြီးကို တိုးတက်နေပြီဆိုတာ သေချာ သော်လည်း သူများနိုင်ငံတွေတိုးတက်နှုန်းက သည့်ထက်အများကြီးမြန်နေသည်။    တောင်းဆိုမှုတွေကလည်း လွန်ခဲ့သည့် အနှစ် ၃၀ နှင့် ဘာမှမဆိုင်တော့။

 

စောစောကပြောသည့်  အသက်ရှည်ရာ  အနာမဲ့ကြောင်း ကိစ္စကိုပဲပြန်စဉ်းစားကြည့်လျှင် မြန်မာနိုင်ငံ၏ပျမ်းမျှ  လှူသက်တမ်းက  ယောကျာ်း ၆၄  ဒသမ  ၆၂၊  မိန်းမ ၆၈ ဒသမ ၇ နှင့်  ကမ္ဘာ့အဆင့် ၁၃၀ ရောက်နေသည်။  အဆင့်တစ်ဖြစ်သော  ဂျပန်နှင့်  ၁၅  နှစ်ကျော်ကွာနေသည်။   ဒေသတွင်းမှာလည်း   ကိုယ့်ထက်နည်းတာ လာအိုလောက်ပဲကျန်သည်။

 

လူပြိန်းတွေးတွေးလျှင်  နောက်ခုနစ်နှစ်မှာ ကျွန်တော်ပင်သေရတော့မလိုဖြစ်နေသည်။ တကယ်တော့ ဤကဲ့သို့မဟုတ်၊ အသက်ငယ်ငယ်နှင့် သေသူတွေများနေသဖြင့် ပျမ်းမျှခြင်းချလိ်ုက်တော့ နိမ့်သွားတာဖြစ်သည်။

 

စိတ်ဝင်စားစရာကောင်းတာက  ယခုနိမ့်ပါသည်ဆိုသော လူ့သက်တမ်းသည်ပင်လျှင် ကျွန်တော်တို့အဖေတွေ၊  အဘိုးတွေခေတ်က  ယောကျာ်း ၅၅ နှစ်လောက်ပဲရှိခဲ့တာနှင့်စာလျှင် မြင့်မားလာတာဖြစ်သည်။ အကြောင်း ရင်းကတော့  ထိုအချိန်တုန်းက ဒုတိယကမ္ဘာစစ်မှာ သေသွားသူတွေများလွန်း၍ ဖြစ်သည်။ စစ်ဖြစ်လာလျှင်တိုက်ပွဲကျတာချည်း လူသေတာမဟုတ်၊ အရပ်သားလည်း သေနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှု မခံရတာတွေ၊ အာဟာရချို့တဲ့တာတွေရှိနိုင်သည်။ ထို့ကြောင့်ပျမ်းမျှ  လူ့သက်တမ်းရှည်ချင်လျှင်  ငြိမ်းချမ်းရေးရဖို့ လိုသည်။ ဂျပန်တွေအသက်ရှည်တာ  အဆန်းမဟုတ်။    ပထမ  အချက်က ငြိမ်းချမ်းရေးရရမည်။

 

ဒုတိယအချက်အနေဖြင့် စာရင်းဇယားတွေ မှန်ကန်တိကျဖို့လိုသည်။  နိုင်ငံတွင်း လူဦးရေတောင် သုံးမျိုးတွက်၍ ဂဏန်းသုံးမျိုးထွက်သည့်  ခေတ်တွေတောင် ကျွန်တော်တို့ကြုံရဖူးသည်။  စားခြေကိန်းက  ပြောင်းပြောင်းနေတော့လူ့သက်တမ်းက  တိုလိုက်ရှည်လိုက်။ ယခုထက်ထိလည်း ငြင်းနေရတုန်း။

 

တတိယအနေဖြင့်တော့ ကလေးဆရာဝန်ပီပီ ငါးနှစ်အောက်ကလေးသေနှုန်းကို  အရေးကြီးသည်ဟုပြောချင်သည်။ ငါးနှစ်နှင့် တစ်ယောက်သေ၊ ၆၅ နှစ်မှာ တစ်ယောက်သေလျှင် နှစ်ယောက်ပေါင်း  ပျှမ်းမျှလူ့သက်တမ်းက  ၃၅  နှစ်  ဖြစ်မှာလေ။  ခက်တာက  ငါးနှစ်အောက်ကလေးသေဆုံးမှု၏ ထက်ဝက်နီးနီးက အာဟာရ မပြည့်ဝမှုနှင့်။  တစ်နည်းအားဖြင့်  ဆင်းရဲနွမ်းပါးမှုနှင့်တွဲဖက်နေလေတော့   ထင်သလောက်လွယ်လှသော ပြဿနာတော့မဟုတ်။

 

ငါးနှစ်အထက် ကျောင်းနေသည့်အရွယ်ကလေးတွေ သေဆုံးမှုကျတော့  Road  Traffic  Accident  ခေါ်  လမ်းပေါ်က ယာဉ်တိုက်မှုပညာတွေဝင်လာပြီ။ တည့်တည့်ပြောရလျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကိုင်တွယ်မှုကောင်းရမည်။ လမ်းလျှောက်မည့် ကလေးလူငယ်လူကြီးအားလုံးအတွက်   ဘေးကင်းလုံခြုံသော လျှောက်လမ်းရှိရမည်။ ဒါက စတုတ္ထအချက်။

 

ပဉမအချက်အနေဖြင့်  ကူးစက်ရောဂါတွေကိုစဉ်းစားကြပါစို့။ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုအားကောင်းရမည်။ လေထု၊ ရေ၊ လက်၊ အိမ်သာ အားလုံး သန့်ရှင်းရမည်။ ခြင်နှိမ်နင်းရမည်။ ဒါတွေအားလုံး  အပြောလွယ်သလောက်လက်တွေ့ခက်နေသည်။ နိုင်ငံ့စီးပွားရေး၊ ပညာရေး လူမှုရေးတွေနှင့် ဆက်နွှယ်နေသည်။

 

ကူးစက်ရောဂါမဟုတ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေဖြတ်၊ ကင်ဆာစသည်တို့ကို ဆဋ္ဌမအချက်ထားကြပါစို့။ အဲဒါတွေက  လူနေမှုပုံစံတွေနှင့်  ဆက်စပ်နေသည်။ ကျန်းမာသော  အစားအသောက်ပုံစံ၊  အစားအသောက်တို့၏  အရည်အသွေး၊  ဘေးအန္တရာယ်ကင်းရှင်းမှု၊  တီဗွီထိုင်ကြည့်ချိန်၊ ဖုန်းပွတ်ချိန်များနေမှု၊ ကလေးတွေ ကျောင်းတွေ၊ ကျူရှင်တွေမှာ စာထိုင်သင်နေရသည့် အချိန်တွေများနေမှု၊ လေ့ကျင့်ခန်း လုပ်ချိန်ရော၊ လေ့ကျင့်ခန်းလုပ်စရာ နေရာရော    လုံလုံလောက်လောက်ရှိပြီလား။ သည်မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော့်မှာ ဘာကိန်း ဂဏန်းမှ  မရှိပါ။  ဘယ်မှာသွားတောင်းရမှန်းလည်း  မသိပါ။  အရက်၊ ဆေးလိပ်၊  ကွမ်းယာ  ထိန်းချုပ်မှုရော ဘယ်လောက်အားကောင်း နေပါပြီလဲ။

 

ဤခြောက်ချက်ကျိုးပေါက်၍    ရောဂါတွေဖြစ်မှလူတွေက ဆေးရုံ၊ ဆေးခန်းရောက်လာကြမှာပါ။

 

ဆေးရုံ၊ ဆေးခန်းတွေက နောက်ဆုံးခံတပ်ပါ။ အဲဒါတွေ အားနည်းပါသည်ဟုထင်လျှင်    ရှေ့ကဟာတွေဘယ်လောက်အားကောင်းနေပြီလဲ၊ အရင်သုံးသပ်ကြည့်ကြပါစို့။

 

ဆေးရုံ၊ ဆေးခန်းတွေမှာလည်း အားနည်းချက်တွေရှိတာအမှန်။ သို့သော် ကမ္ဘာ့နိုင်ငံတော်တော်များများက စနစ်တွေကို  ထိတွေ့လေ့လာဖူးသူမို့  တကယ်အားနည်း နေတာက  ဝန်ထမ်းတွေရဲ့    အရည်အသွေးမဟုတ်။ အရေအတွက်  ဖြစ်သည်။  ပြီးတော့  Road  Traffic  Accident  ခေါ် ကျန်းမာရေးအသုံးစရိတ် ထည့်ဝင်သုံးစွဲမှုစနစ်တစ်ရပ် ပီပီပြင်ပြင်ရှိလာဖို့ လိုနေတာရယ်၊ ဆေးရုံတစ်ခုချင်း၊        ဆေးတက္ကသိုလ်တစ်ခုချင်း၏ အုပ်ချုပ်မှုအဖွဲ့များက မိမိဘာသာမိမိ  စီမံခန့်ခွဲဆောင်ရွက်သော Autonomy စနစ်တစ်ရပ်ပီပီပြင်ပြင်ရှိလာဖို့ လိုနေတာရယ်ဖြစ်သည်ဟု နံပါတ်ခုနစ်အချက်အနေနဲ့ ထည့်ချင်ပါတယ်။

 

ဖြစ်တော့လည်း  ဖြစ်လာမှာပါ။ မဖြစ်လာသေး ခင်ကာလမှာတော့  လက်တွေ့ခံစားနေရတဲ့ လူနာတွေအတွက်က သူတို့ရှေ့မှာမြင်နေရသော ဆရာဝန်၊ ဆရာမ တွေကိုပဲ အပြစ်မြင်တတ်ကြတာလည်း သဘာဝပါပဲ။

 

ခက်တာက  ဆရာဝန်၊  ဆရာဝန်မတွေကလည်း ပြည်သူတွေထဲက ပြည်သူတွေပဲဆိုတော့ အဆင်မပြေ တာရှိလျှင် သူတို့လည်း ခံစားရတာပါပဲ။

 

ရွှေဟင်္သာဆရာတော်ဘုရားကြီးကတော့ ဟောဖူးသည်။  ကျန်းမာချင်လျှင်  နည်းနည်းစား၊  များများ  လှုပ်ရှား၍ စိတ်ကို ကြည်လင်အောင်ထားတဲ့။

 

အဆင်မပြေမှုတွေများစွာနှင့်  စိတ်တိုနေကြသော ကျွန်တော်တို့တစ်တွေကတော့ များများစား၊ နည်းနည်း လှုပ်ရှား  ဒေါသကြီးနေကြ၍  အသက်ရှည်ရာ  အနာမဲ့ကြောင်းနှင့်ဝေးနေကြသေးသလား မပြောတတ်ပါ။   ။

 

လင်္ကာရည်ကျော်