နေပြည်တော် စက်တင်ဘာ - ၂၅
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြ ဖျော်ဖြေမှု ဒုတိယနေ့ကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ ဆက်လက်ကပြဖျော်ဖြေရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲအခမ်းအနားသို့ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာ အစဉ်အလာ သမားစဉ်နှင့်အညီ ဘုရားကန်တော့ခန်း၊ ဇာတ်တော်ကြီး သမားစဉ် အပျိုတော်ထွက်ခန်းနှင့် နှစ်ပါးသွားခန်းတို့ဖြင့် အစပျိုးပြီး အခန်းစဉ် ၂၇ ခန်းဖြင့် အနုပညာရှင်များက မြိုင်မြိုင်ဆိုင်ဆိုင် ထိထိမိမိဖြင့် ကျရာဇာတ်ရုပ်အလိုက် ဇာတ်ကွက် ပိုင်နိုင်စွာ တင်ဆက်ကပြဖျော်ဖြေကြသည်။
ဇာတ်တော်ကြီး ကပြဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဇာတ်တော်ကြီးတွင် ပါဝင်တင်ဆက် ကပြဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးများက ဂုဏ်ပြုဆုငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်