မန္တလေး နိုဝင်ဘာ ၂၀
အမျိုးသားဇာတ်ရုံ(မန္တလေး)၌ တင်ဆက်ကပြခဲ့သည့် အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီးတွင် ပါဝင်ဖျော်ဖြေခဲ့ကြသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် ကူညီဆောင်ရွက်ခဲ့ကြသူများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယမန်နေ့ညပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များ၊ ကူညီဆောင်ရွက် ခဲ့ကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသက် ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီးကို ဖျော်ဖြေတင်ဆက်ပေးခြင်းနှင့် ပတ်သက်၍ နှုတ်ခွန်းဆက် စကားပြောကြားကြပြီး ဇာတ်တော်ကြီးတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသူများ၊ ကူညီဆောင်ရွက်ခဲ့ကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ယင်းနောက် မန္တလေးမြို့မ တေးဂီတအဖွဲ့နှင့်အတူ အနုပညာရှင်များ၏ ဂုဏ်ပြုတေးသီချင်း ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အနုပညာရှင်ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဇာတ်တော်ကြီးတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသူများနှင့် ကူညီဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုငွေ ကျပ်သိန်း(၃၀၀)နှင့် မန္တလေးမြို့မတေးဂီတအဖွဲ့ကို ဂုဏ်ပြုငွေကျပ် (၁၅)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်