၂၀ ဇွန်

 

''ပန်ဆင်မယ်ဆို''တေးစီးရီးကို ထုတ်ဝေထားခဲ့သူ မီမီဝင်းဖေကို တေးစီးရီးမိတ်ဆက်ပွဲ အတွင်း တေးစီးရီးအကြောင်းအရာနှင့် မီမီဝင်းဖေ၏ အနုပညာလမ်းကြောင်းအပေါ် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

 

မေး။ ။ ဒီအခွေလေး ထုတ်လုပ်ဖြစ်ခဲ့ပုံကို ပြောပါဦး။

 

ဖြေ။ ။ ဒီလိုသီချင်းခွေလေး လုပ်ဖြစ်ချင်နေတာ တော်တော်လေးကြာနေပါပြီ။ သီချင်းတွေနဲ့ ဝေးခဲ့ရတာ ၁၅နှစ်ကျော်လာခဲ့ပြီလေ။ ကျွန်မအတွက်တော့ ဂီတဟာ အနီးစပ်ဆုံးမှာအမြဲရှိနေခဲ့ပါတယ်။ ဒါကြောင့် ဂီတနဲ့ မစိမ်းခဲ့ပါဘူး။ အခက်အခဲမရှိ ပြန်လုပ်နိုင်ခဲ့တယ်။ အစကတည်းက ပေါ့ပ်သီချင်းလေးတွေ အဓိကဆိုခဲ့တော့ အခုလည်း အဲဒီလိုပဲ ပေါ့ပ်သီချင်းလေးတွေ ရွေးချယ်ထားခဲ့ပါတယ်။ 

 

မေး။ ။ သီချင်းကို ရေးစပ်ပေးတဲ့သူတွေကရော ဘယ်သူတွေလဲ။ သီချင်းပုံစံတွေ ကရော အားလုံးပေါ့ပ်တွေပဲလား။

 

ဖြေ။ ။ ကျွန်မက အပြောင်းအလဲသိပ်မလုပ်တတ်ဘူး။ နဂိုပုံစံအတိုင်းလေးတွေ ပေါ့ပ်တွေပဲပေါ့။ ဒီအခွေထဲက သီချင်းတွေကို ကိုညီညီသွင်ကပဲ ရေးစပ်ပေးထားတာပါ။ သူကလည်း ကျွန်မတင်မကဘူး အဆိုတော် အတော်များများ အတွက်လည်း ရေးပေးနေတဲ့သူလေ။ အဲဒီလိုထဲက စုပြီးတော့ ကျွန်မအတွက် သူက သီချင်းခွေတစ်ခွေစာ ဖန်တီးပေးလိုက်တာပါ။ အခုခေတ်နဲ့ဆိုရင်တော့ သီချင်းက ပုံစံအသစ်လို့ ထင်ချင်ထင်နိုင်ပါတယ်။ အမှန်ကတော့ ပုံစံအဟောင်း၊ ရိုးရိုးတွေပါ။ 

 

မေး။ ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်ဖို့ရှိတယ်ဆိုရင် အဲဒီအကြောင်းလည်း ပြောပေးပါဦး။

 

ဖြေ။ ။ ဇူလိုင် ၂၅ ရက်မှာ တာမွေက စကိုင်းစတားဟိုတယ်မှာ လုပ်ဖြစ်ဖို့ စိတ်ကူးထားတယ်။ ထွက်သမျှစီးရီးတွေထဲက စုံတွဲသီဆိုဖြစ်ခဲ့သူတွေအားလုံးနဲ့ တွဲဖက်သီဆိုမယ်လို့ ရည်စူးထားတယ်။ စုံတွဲသီချင်းက လေးပုဒ်လောက်တော့ မှန်းထားတယ်။ သီချင်းတွေကတော့ အတော်များများဆိုခဲ့ဖူးတော့ ရွေးနေပါတယ်။ အခု ဇွန် ၁၇ ရက်မှာ ထွက်ခဲ့တဲ့ ''ပန်ဆင်မယ်ဆို'' စီးရီးထဲက သီချင်းသစ်တွေလည်းပါမယ်။ ဖျော်ဖြေပွဲလုပ်တဲ့အခါ လူဦးရေ ကန့်သတ်ချက်လေးတော့ရှိတယ်။ ခန်းမပေါ်ကြည့်ပြီး လူဦးရေတွက်ချက်ရတာဆိုတော့လေ။ ပရိသတ်နဲ့ နွေးနွေးထွေးထွေးဖြစ်ချင်လို့သာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လုပ်ဖြစ်တာပါ။ ဖျော်ဖြေတဲ့အခါမှာလည်း သုံးပိုင်းခွဲပြီး ဖျော်ဖြေဖို့ စိတ်ကူးထားတယ်။ တစ်ပိုင်းစီကို တေးသီချင်းရှစ်ပုဒ်စီနဲ့ ၂၄ ပုဒ်ဆိုမယ်ပေါ့။ တစ်ကိုယ်တော်ဖျော်ဖြေပွဲက ကျွန်မအတွက်တော့ ပထမဆုံးမို့ စိတ်တော့လှုပ်ရှားမိတယ်။ ကိုယ်တိုင်ကလည်း ဖျော်ဖြေရေးတွေမှာ ဆွဲဆောင်မှုရှိအောင် မလုပ်တတ်တာမို့ ပရိသတ်ပျင်းသွားမှာ စိုးရိမ်မိတယ်။ 

 

မေး။ ။ ကာလကလည်း တော်တော်လေးကြာသွားပြီ။ လက်ရှိဂီတလောကအပေါ်မှာရော မီမီဝင်းဖေရဲ့သဘောထားနဲ့ အမြင်ကိုပြောပေးပါဦး။

 

ဖြေ။ ။ အပြောင်းအလဲဆိုတာကတော့ ခေတ်အလိုက်ရှိနေမှာပေါ့။ ဒါပေမယ့် ခေတ်သီချင်းတွေ၊ နောက်ဆုံးပေါ်အကြိုက်တွေကို မလိုက်တဲ့၊ မကြိုက်တဲ့သူလည်း ရှိမှာပေါ့လေ။ အဓိကကတော့ ပရိသတ်ရဲ့ ရွေးချယ်မှုနဲ့ဆိုင်မယ်ထင်ပါတယ်။ ကျွန်မတို့ ဂီတလောကမှာလည်း ခေတ်အလိုက် မူလေးတွေ၊ ရပ်တည်မှုလေးတွေ ပြောင်းကြသူ တွေလည်း ရှိမှာပေါ့။ ကျွန်မကတော့ အဲဒီလိုမလုပ်ချင်ဘူး။ ကြိုက်လည်းမကြိုက်ဘူး။ အချို့က သီချင်းကိုပိုပြီးကောင်းအောင် ပြောင်းလဲဖန်တီးနိုင်ကြတယ်။ အဲဒီလိုမျိုး ဆိုရင်တော့ ပြောင်းလဲလိုက်တာ ပရိသတ်ကလည်း လက်ခံမှာပဲ။ ဒါဆိုရင် ရလဒ် ကလည်း ကောင်းမယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ မူလခံစားမှု၊ မူလသံစဉ်၊ မူလအသံအနေ အထားတွေကို ပိုပြီးဆွဲဆောင်မှု၊ ခံစားမှု မထည့်နိုင်ရင်တော့ ဘယ်ကောင်းမလဲလို့ တွေးမိတယ်။ ကျွန်မကိုယ်တိုင်ကတော့ စိတ်ထဲမှာ ပြောင်းလဲချင်တဲ့စိတ် မပေါ်သေးဘူး။ အခုခေတ်မှာ အဆိုရှင်တွေ သိပ်တော်ကြတယ်လို့ ထင်တယ်။ သီချင်းပုံစံတွေဆိုရင်လည်း အမျိုးမျိုးပဲ။ အဲဒီလိုအတွက်ကြောင့် အများကြီး နားထောင်ခွင့်ရ လို့ကျေနပ်မိတယ်။ 

 

မေး။ ။ အခုဖြန့်ချိလိုက်တဲ့ ပန်ဆင်မယ်ဆို စီးရီးအပေါ်မှာရော မီမီဝင်းဖေရဲ့ မျှော်လင့်ချက်ကို ပြောပေးပါဦး။

 

ဖြေ။ ။ ဘယ်လိုဝေဖန်မှုမျိုးကိုမဆို လေးစားပြီးသားမို့ ကြိုက်သလိုဝေဖန်နိုင်ကြပါတယ်၊ သီချင်းတွေအားလုံးက အသစ်ပုံစံမျိုးဆိုတော့ စိမ်းချင်စိမ်းနေမယ်၊ ဒါပေမယ့် ပရိသတ် အတွက်ခံစားမှုရသ တစ်မျိုးတော့ ခံစားရမှာပါလို့ ပြောချင်ပါတယ်။ 

 

ယခုတေးစီးရီးသည် မီမီဝင်းဖေ၏ ၁၉ ခွေမြောက် တစ်ကိုယ်တော်တေးစီးရီးဖြစ်ပြီး လှိုင်တေးသံသွင်းက ယခုလ ၁၇ ရက်တွင် စတင်ဖြန့်ချိထားခြင်းဖြစ်သည်။ 

 

ကိုလင်း