mdn

၃၁ သြဂုတ်

 

မေး - ညီမရဲ့ အနုပညာ အမည်နဲ့ ပညာအရည်အချင်းကို ပြောပြပေးပါဦး။

 

ဖြေ - ညီမရဲ့ အနုပညာအမည်ကတော့ ဂျူလီယာနိုး (Julia Noe) ပါ။ အမည်အရင်းကတော့ အေးမြတ်နိုးဦးပါ။ ညီမက ၂၀၁၀ ခုနှစ်က စင်ကာပူနိုင်ငံမှာ Certified Accounting Technician ကို သင်ကြား တတ်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာဘက်ကို အရမ်းအားသန်လို့ ၂၀၁၁ နောက်ပိုင်း ရန်ကုန်ပြန်ရောက်ပြီးတော့ အွန်လိုင်းကနေပဲ Berklee ကျောင်းရဲ့ Online Music Course တွေ တက်ခဲ့ပါတယ်။ 

 

 

မေး - ညီမရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေးတွေကို ပြောပြပေးပါ။

 

ဖြေ - ညီမ အခုလက်ရှိတော့ အွန်လိုင်းမှာပဲ ညီမ သီဆိုထားတဲ့ သီချင်းလေးတွေ တင်ဖြစ်ပါတယ်။ သီချင်းအသစ်တွေ ထပ်ထုတ်ဖို့လဲ ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတဲ့အချိန် တစ်ခါတည်းမှာပဲ ညီမနဲ့ ညီမရဲ့ အချစ်ဆုံး သူငယ်ချင်းတို့နှစ်ယောက် တူတူတည်ထောင်ထားတဲ့ J&A Production မှာ Director လုပ်ရင်း Music Video တွေ၊ Short film လေးတွေ ရိုက်နိုင်သမျှ ရိုက်ဖြစ်အောင်၊ ထုတ်ဖြစ်အောင်လဲ ကြိုးစားနေပါတယ်။ 

 

မေး -  ညီမက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းလေးတွေ ဖန်တီးထားတယ် ကြားပါတယ်။ ဘယ်နှစ်ပုဒ်လဲ။ ဘယ်လိုသီချင်းအမျိုးအစားလဲ။ နောက်ဘယ် Production က ထုတ်တာလဲ။

 

ဖြေ - လက်ရှိတော့ ပရိတ်သတ်ဆီကို တစ်ပုဒ်ပဲ သေချာတင်ပြရပါသေးတယ်။ အခု မကြာခင်က အွန်လိုင်းမှာ ညီမရဲ့ ကိုယ်ပိုင်သံစဉ်၊ ကိုယ်တိုင်ရေးထားတဲ့ “ရှိစေတော့” ဆိုတဲ့ သီချင်းလေးကို ဖြန့်ဖြစ်ခဲ့ပါတယ်။ အလွမ်းတေးလေး တစ်ပုဒ်ပါ။ လူတော်တော်များများ ကြုံတွေ့ခံစားရဖူးတဲ့ အသည်းကွဲ ဇာတ်လမ်းလေး တစ်ပုဒ်ကို တေးသီချင်းလေးအဖြစ် သီဆိုထားတာပါ။ နားဆင်မိသူတိုင်းနီးပါး တိုက်ဆိုင်လိုက်တာလို့ တွေးမိမယ်လို့လဲ ညီမထင်မိပါတယ်။ ညီမကိုယ်တိုင် ဖန်တီးထားတဲ့ တေးသီချင်း တစ်ပုဒ်ကို ပရိတ်သတ်ကို သေသေချာချာ ချပြဖူးတာ ဒါပထမဆုံးပါ။ Music Video ကို ညီမတို့ J&A Production ကပဲ ရိုက်ကူးခဲ့ပါတယ်။ ဒီသီချင်းကို တင်တော့ တော်တော်လေး စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ညီမကိုချစ်တဲ့သူတွေ အကုန်လုံးက ညီမထင်ထားတာထက်ကို အားပေးကြလို့ ညီမ အရမ်းကို ဝမ်းသာမိတာပါ။ ဒီလိုမျိုး လူတစ်ယောက်ကို အားရှိအောင်၊ စိတ်ဓာတ်တတ်ကြွအောင် ပြောပေးတယ်ဆိုတဲ့ စေတနာကို ညီမအရမ်းမြတ်နိုးမိပါတယ်။

 

မေး -  ညီမလေး သီချင်းလေးတွေကို ဘယ်လိုခံစား ဖန်တီးဖြစ်သလဲဆိုတာ ပြောပြပေးပါ။

 

ဖြေ - ညီမက သီချင်းစပ်တော့မယ်ဆိုရင် ခံစားချက်ကို အတင်းလုပ်ယူပြီး မစပ်တတ်ဘူး။ ဈာန်ဝင်လာတဲ့ အချိန်တွေကျမှ စာသားတွေက အလိုလို ခေါင်းထဲ ရောက်လာတတ်တာပါ။ ဂီတဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒါကြောင့် ညီမက ညီမ တကယ် ယုံကြည်တဲ့ ခံစားချက်တွေအပေါ်မှာပဲ အခြေခံပြီး သီချင်းစပ်ဖြစ်တယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်မယ်ဆိုပေမယ့်လည်း ပရိသတ်ရဲ့ နှလုံးသားကို တိုက်ရိုက် ထိတွေ့နိုင်တဲ့ ဂီတမျိုးကိုပဲ ညီမ အမြဲရေးစပ်သွားမှာပါ။ 

 

မေး - ညီမနဲ့လိုက်ဖက်တဲ့ သီချင်းအမျိုးအစားတွေက ဘယ်အမျိုးအစားတွေလဲ။ 

 

ဖြေ - ညီမရဲ့ ပင်ကိုယ်အသံနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးတွေပဲ ဆိုဖြစ်ပါတယ်။ ညီမရဲ့အသံက ပျော့တယ် လို့ဆိုရမှာပေါ့နော်။ သူများတွေလို အော်ဟစ်ပြီး အမိုက်စားသီချင်းတွေ ဆိုကြည့်ချင်ပေမယ့် ကိုယ့်အသံနဲ့လုံးဝ မလိုက်ဖက်ဘူး။ အဲဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ သီချင်းအေးအေးလေးတွေပဲ သီဆိုဖြစ်ပါတယ်။ 

 

မေး -  တီးခတ်တတ်တဲ့ ဂီတတူရိယာ အမျိုးအစားတွေက ဘာတွေရှိမလဲ။

 

ဖြေ - ညီမ piano ကို အသက် (၇)နှစ်မှာ စသင်ခဲ့တာပါ။ Guitar လဲတီးပေမယ့် သီချင်းစပ်ရင် Piano တီးပြီး စပ်ဖြစ်တာများပါတယ်။ Guitar ကတော့ သေချာသင်ဖြစ်တာ အသက် ၂၀ ကျော်မှာပါ။ Guitar တီးရတာလဲ အရမ်းနှစ်သက်ပါတယ်။ တစ်ခါတလေ စိတ်လေနေတဲ့အခါ၊ စိတ်စုစည်းလို့ မရတဲ့အခါတွေမှာဆို ညီမ တူရိယာတွေတီးပြီး စိတ်ဓာတ်ပြန်မြှင့်တင်တတ်ပါတယ်။

 

မေး -  လူမှုကွန်ရက်မှာ ညီမလေးရဲ့ ပထမဆုံး ကိုယ်တိုင်ဖန်တီးသီဆိုတဲ့ သီချင်းကို ဘယ်တုန်းက စတင်ခဲ့တာလဲ။

 

ဖြေ - ညီမ ပထမဆုံး Facebook မှာ တင်ဖြစ်ခဲ့တဲ့ (၁)ပုဒ်ကတော့ ညီမ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ နာမည်ကြီး သီချင်း(၂)ပုဒ်ဖြစ်တဲ့ တေးရေးဆရာ ဦးလူမုန်း ဖန်တီးရေးသားခဲ့တဲ့ “ခေါင်းလောင်းလေးတွေမြည်နေပြီ” နဲ့ ဂီတပါရမီရှင်ကြီး ထူးအိမ်သင် ရေးသားသီဆိုခဲ့တဲ့ “တစ်နေ့နေ့တော့ချစ်လာလိမ့်မည်” ကို ရောသမမွှေပြီး ကာဗာသီဆိုထားတာပါ။ ညီမ ဘာဖြစ်လို့ ရောသမမွှေ ခဲ့လဲဆိုတော့ ဒီသီချင်းလေး (၂)ပုဒ်ဟာ Chord တွေလဲ အကုန်လုံးနီးပါးကို တူပါတယ်။ ဒါကို ဂီတသမား တော်တော်များများလည်း သိထား နားလည်ထားပါတယ်။ အဲဒါကြောင့် သီချင်းလေးနှစ်ပုဒ်မှာပါတဲ့ ကိုယ်အရမ်း နှစ်သက်မိတဲ့ စာသားလေးတွေကို တစ်ပုဒ်ထဲဖြစ်အောင် ပေါင်းစပ်ပြီး သီဆိုဖြစ်ခဲ့တာပါ။ ဒီတစ်ပုဒ်တင်ပြီးမှ ညီမရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ “ရှိစေတော့” သီချင်းလေးကို တင်ဖြစ်ခဲ့တာပါ။ “ရှိစေတော့” ကို သြဂုတ်လ ၂၆ ရက်နေ့ကမှ တင်ခဲ့တာပါ။

 

မေး -  ကြည့်ရှုသူရော ဘယ်လောက်ဖြစ်သွားလဲ။

 

ဖြေ -  ခေါင်းလောင်းလေးတွေမြည်နေပြီ” နဲ့ “တစ်နေ့နေ့တော့ချစ်လာလိမ့်မည်” ကာဗာသီချင်းကတော့ အခု ကြည့်ရှုသူ ၈ သိန်းခွဲကျော်သွားပါပြီ။ ညီမက J&A Production မှာ လှုပ်ရှားမှု တစ်ခုခု ရှိစေချင်တာရယ်၊ တတ်ထားတဲ့ ပညာတွေ အလကားမရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ဖြစ်ခဲ့တာပါ။ အွန်လိုင်းပေါ် ထိုးဖောက်သွားခဲ့တာကတော့ ညီမ တကယ်ကို မထင်ခဲ့တဲ့ အရာပါ။ အခု ညီမရဲ့ “ရှိစေတော့” သီချင်းလေးကတော့ လက်ရှိ ကြည့်ရှုသူ ခြောက်သောင်းကျော်သွားခဲ့ပါပြီ။ 

 

မေး -  အနုပညာလှုပ်ရှားမှု အနေနဲ့ရော ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဖို့ရှိပါသလဲ။

 

ဖြေ - ညီမ သီချင်းတွေလဲဆက်ပြီး သီဆိုဖြစ်သွားမှာပါ။ သီချင်းတွေဆိုနေရင်းနဲ့ပဲ သူငယ်ချင်းနဲ့ ကိုယ်တိုင်တည်ထောင်ထားတဲ့ J&A Production မှာ ဒါရိုက်တာ လုပ်တဲ့ အလုပ်ကိုလဲ မဆိုင်းမတွ လုပ်ဆောင်သွားမှာပါ။ ဂီတရော ရုပ်ရှင်ရောက ညီမအတွက် အသက်ပါ။ ရှေ့ဆက်ပြီး အများကြီး ကြိုးစားစရာတွေလည်း ရှိပါသေးတယ်။

 

မေး -  သီချင်းလေးတွေအပြင် အခြားအနုပညာနဲ့ပတ်သက်တာရော ဘာတွေဝါသနာပါလဲ။

 

ဖြေ - ညီမ ခုဏက ပြောသလိုပဲ သီချင်းလေးတွေအပြင် ဒါရိုက်တာ အလုပ်ကိုလဲ အရမ်းဝါသနာပါပါတယ်။ ပြီးတော့ ညီမ ပန်းချီလဲဆွဲတယ်၊ ဓာတ်ပုံရိုက်ရတာလဲ ဝါသနာပါတယ်။ အခုတော့ အချိန်သိပ်မပေးနိုင်တဲ့ကြားက သိုးမွှေးထိုးနဲ့ ပန်းထိုး လေ့လာနေပါတယ်။ 

 

မေး -  အယ်လ်ဘမ်ထုတ်ဖို့ရော အစီအစဉ်ရှိပါသလား။

 

ဖြေ - အယ်လ်ဘမ်ထုတ်ဖို့ကိုတော့ ညီမ မိဘတွေနဲ့ တိုင်ပင်တုန်းပါ။ အမှန်အတိုင်းပြောရရင် ညီမရဲ့ဂီတကို ပရိသတ်တွေဆီ လက်ဆောင်အဖြစ်ပဲ ပေးချင်မိပါတယ်။ ဒါတကယ်ရင်ထဲကဆန္ဒပါ။ အဲဒါကြောင့် အယ်လ်ဘမ်ထုတ်ဖို့ကိုတော့ ညီမစဉ်းစားဆဲပါ။

 

မေး - အင်္ဂလိပ်သီချင်းလေးတွေလည်း သီဆိုတာကြားမိတယ်။ အဲဒီအပေါ် ခံစားချက်က။

 

ဖြေ - ညီမက ဘာသာခြားသီချင်းတွေ သီဆိုရတာလည်း အရမ်းသဘောကျပါတယ်။ အင်္ဂလိပ်သီချင်းလေးတွေလည်း ဆိုတယ်။ ကိုရီးယားသီချင်းလေးတွေလဲ ဆိုပါတယ်။ ဘယ်သူမဆို သီချင်းသံကြားလိုက်ရင် ဒါကတော့ဖြင့် အဆွေးသီချင်းလေး၊ ဒါဆိုရင်ဖြင့် ပျော်စရာသံစဉ်လေးဆိုပြီး အဓိပ္ပါယ် နားမလည်သည့်တိုင် သံစဉ်တွေကိုတော့ နားလည်ကြပါတယ်။ ဂီတရဲ့သံစဉ်တွေက ဘာသာစုံပြောတယ်လို့ ညီမယုံကြည်ပါတယ်။ အဲဒါကြောင့် သီချင်းလေးတွေကို ဘာသာမရွေး သီဆိုရတာ နှစ်သက်ပါတယ်။ အခြားဘာသာရဲ့ အသံထွက်တွေကို လိုက်ဆိုကြည့်ရတာမို့လို့လဲ အရမ်းသဘောကျပါတယ်။

 

မေး -  သီချင်းတစ်ပုဒ်ကို ပရိသတ် နားထဲအထိစွဲမြဲအောင်မြင်ဖို့အတွက် ဘယ်လိုအရာတွေ လိုအပ်မယ်လို့ထင်ပါသလဲ။

 

ဖြေ - စာသားရော သံစဉ်ရော ပြိုင်တူအရေးကြီးတယ်လို့ ထင်ပါတယ်။ ညီမ မြင်တွေ့ရသလောက်ပေါ့နော် နိုင်ငံပေါင်းစုံမှာ အခုအောင်မြင်နေတဲ့ သီချင်းတွေ အကုန်လုံးနီးပါးက လူတွေရဲ့ ခံစားချက်တွေနဲ့ဆက်နွယ်နေတယ်။ ဥပမာအားဖြင့် တစ်ခါတလေ ညီမတို့ စိတ်ပင်ပန်းတဲ့အခါ၊ အသည်းကွဲတဲ့အခါ ပြောချင်ပေမယ့် ပြောမထွက်တဲ့ စကားလုံးတွေရှိတယ်။ အဲဒီအချိန်မှာ သီချင်းလေးတစ်ပုဒ်ကြားလိုက်လို့ ဒီသီချင်းလေးရဲ့စာသားတွေ၊ သံစဉ်တွေက ကိုယ့်ကို ကိုယ်စားပြုနေသလို ခံစားရမယ်ဆိုရင် အဲဒီသီချင်းလေးကို အလိုလိုတွယ်တာမိလိမ့်မယ်။ သီချင်းဆိုတာ ခံစားချက်တို့ကို ဖြေသိမ့်ရာ၊ ကိုယ်စားပြုရာ သံစဉ်လေးတွေလို့မြင်ပါတယ်။ ဂီတအနုပညာကို တန်ဖိုးထားပြီး စေတနာပါပါ အသုံးချတတ်ရင် လူတွေကို ဆေးတစ်ခွက်အဖြစ်ပေးနိုင်တယ်လို့ ညီမ ယုံကြည်တယ်။ 

 

မေး -  ညီမလေးရဲ့ ဝါသနာကဘာများလဲ။

 

ဖြေ - အားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်တော့ ညီမရဲ့ဝါသနာက အသစ်အသစ်သော ပညာတို့ကို အမြဲသင်ယူနေချင်တာပါ။ ညီမက လုံးဝ မပျင်းတတ်ဘူး။ ပညာလောဘ အရမ်းကြီးတယ်။ အားတာနဲ့ ပျင်းဖို့အချိန်မရပါဘူး၊ YouTube ပေါ်မှာ ကိုယ်သိချင် တတ်ချင်တဲ့ Tutorial video တွေ ရှာပြီး လေ့လာတယ်၊ မှတ်သားတယ်၊ လိုက်လုပ်ကြည့်တယ်။ ညီမ ပန်းချီကိုလဲ YouTube tutorial တွေကနေပဲ သင်ခဲ့တာပါ။ အခုလည်း သိုးမွှေးထိုးနဲ့ ပန်းထိုးကို YouTube ကပဲ လေ့လာနေပါတယ်။

 

မေး -  ညီမလေးရဲ့ မျှော်လင့်ထားတဲ့ ဘဝပုံစံကရော ဘယ်လိုများလဲ။

 

ဖြေ - ညီမ အခု အသက် ၂၆ နှစ်ရှိပါပြီ။ အသက် ၂၆ နှစ်မှာမှစပြီး ညီမရဲ့သီချင်းလေးတွေက တစ်ဆင့် လူသိလာတာပါ။ အသက်အရွယ်အရ ဒီလိုအချိန်မှာ ညီမအနေနဲ့ နေသားကျပြီးသား ဘဝပုံစံတစ်ခုက ရှိပြီးနေပါပြီ။ ဖြစ်ချင်တဲ့ အိမ်မက်တွေတော့ အများကြီးရှိသေးတာပေါ့နော်။ ဒါပေမယ့် ညီမ တကယ်ဖြစ်ချင်တာကတော့ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ညီမ လုပ်နိုင်သမျှကို အစွမ်းကုန်လုပ်ရင်း အခုခေတ် ကြိုးစားရုန်းကန်နေရတဲ့ လူငယ်လေးတွေကို ကိုယ်တတ်နိုင်သလောက် အစွမ်းအစနဲ့ လမ်းဖောက်ပေးချင်ပါတယ်။ ကိုယ့်မှာ စွမ်းဆောင်နိုင်စွမ်းလည်းရှိတယ်၊ အထောက်အပံ့လဲရှိတဲ့ လူရယ်လို့ဖြစ်လာပြီဆိုရင် ရှေ့ဆောင်လမ်းပြကောင်း တစ်ယောက်ဖြစ်ဖို့က တာဝန်ရှိကိုရှိတယ်လို့ ထင်ပါတယ်။ ညီမလည်း အခုမှ တာထွက်ကို ရောက်လာခဲ့တာပါ။ ရှေ့ဆယ်စုနှစ်တစ်ခုလုံး စိတ်ဓာတ်အတတ်အကျပေါင်းများစွားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ညီမက မိဘကံ အရမ်းကောင်းတဲ့သူမို့ ဖေဖေနဲ့မေမေကြောင့် ဇွဲမလျှော့တမ်း ဆက်ကြိုးစားခဲ့ပါတယ်။ အခု ညီမရဲ့ အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ညီမကတော့ အခုလက်ရှိ စိတ်နေစိတ်ထားလေးအတိုင်း အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်စရာရှိတာကို အားသွန်ခွန်စိုက် အမြဲလုပ်ပြီး လူအပီသဆုံး နေထိုင်သွားမယ်လို့ မျှော်လင့်ထားပါတယ်။

 

ကိုလင်း