ရန်ကုန် ၂၁ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅) ကို ဇန်နဝါရီ ၂၂ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်းကြီးများ ဆက်လက်အားပြိုင်မှုကို တွေ့မြင်ရမည်ဖြစ်သည်။
ပွဲစဉ် (၁၅) အဖြစ် ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် VUC အသင်းနှင့် On Doctor အသင်း၊ နံနက် ၁၀ နာရီတွင် ဖူဆယ်ချစ်သူအသင်းနှင့် MFF ယူ-၁၉ အသင်း၊ နံနက် ၁၁ နာရီခွဲတွင် GV အသင်းနှင့် Dream Team အသင်း၊ မွန်းလွဲ ၁ နာရီတွင် လက်ရှိချန်ပီယံ MIU အသင်းနှင့် Do Do Ko Ko အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် မြို့မ JY အသင်းနှင့် AMM Brothers အသင်း၊ ညနေ ၄ နာရီတွင် လက်ဝဲသုန္ဒရအသင်းနှင့် Winner အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဇယားထိပ်ပိုင်းမှ VUC နှင့် လက်ရှိချန်ပီယံ MIU အသင်းသည် ချန်ပီယံဆုအတွက် ထိပ်တိုက်တွေ့ဆုံသည့်ပွဲမတိုင်မီ အမှတ်ပြည့်ရယူနိုင်ရန် ပွဲတိုင်းကို အာရုံစိုက်ကစားဖွယ်ရှိနေသည်။ ပွဲစဉ် (၁၄) အပြီးတွင် VUC နှင့် MIU အသင်းတို့က ရမှတ် ၄၀ စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ထိပ်ဆုံးနေရာတွင် ဆက်လက်ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏နောက်တွင် GV အသင်းက ၃၆ မှတ်၊ Winner အသင်းနှင့် On Doctor အသင်းက ၂၅ မှတ်စီ၊ မြို့မ JY အသင်းက ၂၁ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၆ မှတ်၊ Do Do Ko Ko အသင်းနှင့် Dream Team တို့က၁၅ မှတ်စီ၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ AMM Brothers အသင်းက ငါးမှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ်ရရှိထားသည်။
ရဲရင့်ရှိုင်း