အသည်းကြားမှ မဲတစ်ပြား မောင်းထိုင်းသားတို့ ဆုံးဖြတ်ချိန်

mdn

ကိုရင်သြ - ရေးသားသည်

 

“အသည်းကြားမှ မဲတစ်ပြား”ဟူဘိသို့ပင် “မောင်းထိုင်း” (ဝါ) ထိုင်းနိုင်ငံ၏ မတ် ၂၄ ရက် အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်လိုလားကြသော “ဖလန်းပရချားရတ်” ပါတီကထောက်ခံမဲ ၈ ဒသမ ၄ သန်းအထိ မဲအများဆုံးရရှိကာ ရွေးကောက်ပွဲတွင် အောင်ပွဲခံလိုက်ပြီဟု ရွေးကောက်ပွဲကော်မရှင်၏ အထက်တန်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကျွန်ုပ်ကြားသိရသောအခါ စိန်ကဲရွှေကဲထက် ရွေးကောက်ပွဲအကဲခတ်ရခက်ခဲလှသည်ဆိုသော သဘောတရားကိုစိမ်ပြေနပြေတွေးတောဆင်ခြင်မိလေ၏။ အဓိကအတိုက်အခံပါတီကြီးဖြစ်သော “ပွေ့ထိုင်း” ပါတီမှာမူ ပြည်သူ့ထောက်ခံမဲ ၇ ဒသမ ၉ သန်းရရှိထားသည်ဟု ရွေးကောက်ပွဲကော်မရှင်ဒုတိယအတွင်းရေးမှူးချုပ် ခရစ္စအာဝုန်ဆေက မတ် ၂၈ ရက်တွင် ပြောကြား ခဲ့ရာ သတင်းက္ဘာကြီးအတွင်းလှုပ်လှုပ်ရွရွ နိုးနိုးထထ ဖြစ်ကြရကုန်၏။

 

ပွေ့ထိုင်းပါတီဟူသည်ကား ရွေးချယ်တင်မြှောက်ခံပါတီဖြစ်ခဲ့ပြီးလျှင်လွန်ခဲ့သည့် ငါးနှစ်ကပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းပွဲအတွင်း အရုပ်ကြိုးပြတ်ပမာ ဖြုတ်ချခံခဲ့ရသည့် ပါတီဖြစ်၏။ အပြီးသတ် မဲရလဒ်ကိုမေလ ၉ ရက် ရောက်မှသာ တရားဝင်ထုတ်ပြန်ကြေညာမည်ဟုဆိုသော်လည်းရာခိုင်နှုန်းပြည့် မဲရေတွက်မှု လုပ်ငန်းစဉ် ပြီးဆုံးခဲ့ပြီဟုသတင်းများတွင် ဖော်ပြထားလေသည်။ 

 

အမတ်နေရာ ၅၀ဝ ရှိ အောက်လွှတ်တော်၌ ပါတီတစ်ပါတီချင်းအလိုက်အမတ်နေရာများမည်သို့မည်ပုံ ခွဲဝေရရှိကြသည်ကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးသဖြင့် အများက မျှော်တလင့်လင့် ဖြစ်ကြရ၏။ ငံ့တလင့်လင့် စောင့်စားဖွယ်ရာအခြေအနေဖြစ်ကြရ၏။

 

အောက်လွှတ်တော်၏ အမတ်နေရာ ၃၅၀ အတွက် မဲဆန္ဒနယ်မြေများအလိုက် ကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်မဲပေးရွေးချယ်တင်မြှောက်ခဲ့ကြရာတွင် ပွေ့ထိုင်းက ၁၃၅ နေရာ၊ ဖလန်းက ၁၁၉ နေရာရရှိ သည်ဟုဆိုသည်။ ကျန်ရှိနေသော အောက်လွှတ်တော်အမတ်နေရာများ အတွက်ကိုမူ ပါတီတစ်ပါတီချင်း အလိုက် စုစုပေါင်းရရှိသောမဲအရေ အတွက်အပေါ် အခြေခံကာ ခွဲဝေသတ်မှတ်ပေးမည်ဟု ကျွန်ုပ်လေ့လာ သိရှိရ၏။

 

အာဏာရစစ်ကောင်စီ (ဝါ) ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီက သူ၏စိတ်ကြိုက် လက်ရွေးစင်ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသောဥပဒေပြုအဖွဲ့ (ဝါ) ဥပဒေပြု လွှတ်တော်ကရွေးကောက်ပွဲ ကော်မရှင်အားခန့်အပ်ပေးခဲ့သည်ဖြစ်ရာ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ထင်ကြေးပေး စိုးရိမ်ပူပန်မှုများကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်ခဲ့ပြန်သည်။

 

မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ တိုင်တန်း မှုများနှင့် တရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့ရပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်ရှိသဖြင့် လွှတ်တော်အမတ်နေရာ ခွဲဝေသတ်မှတ်ချက်တွင် အပြောင်း အလဲရှိနိုင်သေးသည်ဟု တာဝန်ရှိသူများက ပြောကြားကြလေသည်။  

 

အောက်လွှတ်တော်၌ အမတ်နေရာအများစုကိုမိမိတို့ ရရှိထားသည်ဟုယုံကြည်ယူဆကြောင်းပွေ့ထိုင်းပါတီနှင့် မဟာမိတ်ပါတီများက မတ်လ ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့ကြပြီးလျှင် အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေး အတွက် ညွန့်ပေါင်းဖွဲ့မည်ဟုဆိုသည်။အကယ်၍ ယင်းညွန့်ပေါင်းအဖွဲ့ကအောက်လွှတ်တော်၏ အမတ်နေရာ ၂၅၀ ကျော်ကိုရရှိခြင်းမရှိပါလျှင် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်စွမ်းမရှိနိုင်ချေ။ အကြောင်းမူကား ထိုင်းနိုင်ငံ၏ နိုင်ငံရေ းစနစ်အရ ဖြစ်သည်။

 

နိယာမတရားကိုပြ

 

ထိုင်းနိုင်ငံ၏ ၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲအပြီးပထမဆုံးအကြိမ်ကျင်းပသောအထွေထွေရွေးကောက်ပွဲမှာ မူလမဆွကပင်လျှင်ရှိနေပြီးဖြစ်သော နိုင်ငံရေးအကွဲအပြဲကြီး၏ “နိယာမတရား”ကို ပြသဘိသကဲ့သို့ အပြိုင် အဆိုင် ရှိလွန်းလှသည်။

 

ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသများမှ ပြည်သူများနှင့် ဆင်းရဲသားနင်းပြား များက အားကိုးအားထားပြုရာ ပြည်သူ့အကြိုက် နိုင်ငံရေးသမားများက တစ်ဖက်၊ မြို့ကြီး ပြကြီးသားလူလတ်တန်းစား အလွှာဝင်များနှင့် လူ့မလိုင်အလွှာဝင်များ၏ အားပေးထောက်ခံမှုကိုရရှိထားပြီး တပ်မတော်ကိုလိုလားသူများ ပါဝင်သည့် အင်အားစုကတစ်ဖက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲသည့်နိုင်ငံရေးလွန်ဆွဲပွဲကြီး ဖြစ်သည်ဟု ရှုမြင်ကြရ၏။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စစ်ကောင်စီဦးဆောင်မှုအောက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အပြောင်းအလဲဖြစ်စေခဲ့သည်။ တပ်မတော်လိုလားသောအင်အားစုကတစ်ဖက်၊ သာမန်ပြည်သူ ပြည်သားများ၏ အားပေးထောက်ခံမှုရရှိသောအင်အားစုက တစ်ဖက် နိုင်ငံရေးဝင်ရိုးစွန်း နှစ်ခုတည်ရှိနေသည်ကို လယ်ပြင်တွင်ဆင်သွား သကဲ့သို့ အထင်းသားတွေ့မြင်နိုင်သည်။

 

ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ ဩဇာတိက္ကမကိုထိန်းချုပ်နိုင်ရန် စစ်ကောင်စီနှင့် အာဏာရ နိုင်ငံရေးအင်အားစုတို့ကဆယ်စုနှစ် တစ်နှစ်ကြာမျှ ကြိုးပမ်းခဲ့မှုတွင် ရေချိန်အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသည သင်္ကေတအဖြစ် ရွေးကောက်ပွဲကြီးကိုတွေ့မြင်နိုင်သည်။

 

ကုဋေကြွယ်သူဌေးကြီးလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးလည်း ဖြစ်သူသက်ဆင်သည် ဆင်းရဲသား နင်းပြားတို့၏ ထောက်ခံမှုကိုအရင်းတည်လျက်၊ ကျေးလက်ဒေသများရှိ ပြည်သူတို့၏ အားပေးမှုကိုအရ ယူလျက် ၂၀ဝ၁ ခုနှစ်တွင် အာဏာရရှိကာ နိုင်ငံရေးစန်းထခဲ့၏။

 

၂၀ဝ၆ ခုနှစ် စစ်တပ်၏အာဏာသိမ်းပွဲအရ နိုင်ငံရေးရာထူးမှ ဒေါက်ဖြုတ်ခံခဲ့ရသူသက်ဆင်၏နေရာကို အစားထိုးဝင်ရောက်လာခဲ့သော နှမ ယင်လပ်ရှင်နာဝါထရာသည်လည်း နိုင်ငံရေးတွင် စန်းထပြီးခါမှ လွန်ခဲ့သည့် ရှစ်နှစ်က အစ်ကိုနည်းတူပင် ဖြုတ်ချခံခဲ့ရသည်။

 

ယခုကျင်းပခဲ့သောရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအားဒီမိုကရေစီစနစ်သို့ ပြန်လည် ဦးတည်စေလိမ့်မည်ဟု မျှော်လင့်ချက်များမွေးဖွားခဲ့လင့်ကစား နိုင်ငံရေး ဝင်ရိုးစွန်းနှစ်ခု၏ ပွတ်တိုက်မှုအရ နိုင်ငံရေးရှုခင်းပြောင်းလဲသွား နိုင်မှုကိုလည်း ကျွန်ုပ်တို့ လက်ခံကြရပေလိမ့်မည်။ဧကန်မူကား ထိုင်းနိုင်ငံအတွက် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှု၊ နိုင်ငံရေးကမောက်ကမဖြစ်မှုမှာအဆန်းတကြယ် မဟုတ်တော့ပြီ။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း သက်ဦးဆံပိုင် ဘုရင်စနစ်ကိုအဆုံးသတ်စေကာ စည်းမျဉ်းခံ ဘုရင်စနစ်ကိုအသက်သွင်းခဲ့ချိန် နောက်ပိုင်း စစ်ဘက်မှ အာဏာသိမ်းပွဲများအဖန်ဖန်ဆင်နွှဲခဲ့ပြီး ၂၀၁၄ ခုနှစ် စစ်ဘက်မှ အာဏာသိမ်းပွဲမှာ ၁၂ ကြိမ်မြောက်အာဏာသိမ်းပွဲ ဖြစ်ခဲ့ရသည်။

 

ဝန်ကြီးချုပ်တင်မြှောက်ပုံ

 

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ်ရာ ထူးနေရာအတွက် ရွေးကောက်တင်မြှောက်ပုံမှာတစ်မျိုး တစ်ဘာသာဖြစ်၏။ အမတ်နေရာ ၇၅၀ ရှိလွှတ်တော်၌ အောက်လွှတ်တော် အမတ်နေရာ ၅၀ဝ အတွက် ရွေးချယ်တင်မြှောက်သော စနစ်အရရွေးချယ်ကြပြီးအမတ်နေရာ ၂၅၀ ရှိအထက်လွှတ်တော်(ဆီးနိတ်)ကိုမူ စစ်ကောင်စီကရွေးချယ်ပေး သူများဖြင့် ခန့်အပ်နိုင်သည်။ 

 

ဝန်ကြီးချုပ်ရာ ထူးနေရာအတွက် လျာထားခံရသူအတွက် ရွေးချယ်တင်မြှောက်ရာ တွင် ထောက်ခံမဲ ၃၇၆ မဲရရှိရန် လိုအပ်သည်။ဆီးနိတ်သည် ဝန်ကြီးချုပ်ရာ ထူးနေရာအတွက် အောက်လွှတ်တော်က အလိုလားဆုံး ကိုယ်စားလှယ်လောင်းတစ်ဦးကို ဆက်လက်၍ ထောက်ခံမှုပေး မည်ဟုဆိုလျှင် ယင်းပုဂ္ဂိုလ်မှာ အောက်လွှတ်တော်၏ ထောက်ခံမဲ ၁၂၆ မဲရရှိရန်သာလိုအပ်သည်။သက်ဆင်ထူထောင်ခဲ့သည့် “ပွေ့ထိုင်း” ပါတီမှာရွေးကောက်ပွဲတွင်အားကောင်းမောင်းသန်ပါတီအဖြစ် ရပ်တည်နိုင်သော်လည်းပဏာမမဲစာရင်း ရလဒ်အရ တပ်မတော်လိုလားသော “ဖလန်း” ပါတီနှင့် သူမသာ၊ ကိုယ်မသာ အနေအထားတွင် ရပ်တည် လျက်ရှိသည်။

 

ထိုစဉ်အတွင်းသက်ဆင်တို့ မောင်နှမမှာ ပြည်ပသို့ ထွက်ပြေးခိုလှုံနေ ကြရပြီးအာဏာအလွဲသုံးမှု၊ တာဝန်ပေါ့ဆမှု စွဲချက်များကသူတို့ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ပြီးခဲ့သောရွေးကောက်ပွဲ၌ သက်ဆင်၏ မဟာမိတ် လက်ရုံးကြီးဆူဒရတ်ကဲယုရာပန်းက ပွေ့ထိုင်းပါတီကိုကိုယ်စားပြုလျက် တစ်ပွဲတစ်လမ်း အားစမ်းခဲ့သည်။

 

ဇာတ်နာအောင် ကပြ

 

ပွေ့ထိုင်းပါတီဘက် ယိမ်းသည်ဟုအများက ရှုမြင်ခြင်းခံရသော “ထိုင်းရာဆာချတ်” ပါတီမှာထိုင်းနိုင်ငံ၏ ပစ္စက္ခနိုင်ငံရေးဇာတ်ခုံပေါ်တွင် ဇာတ်နာအောင် ကပြခဲ့သည့်ဖြစ်စဉ်ကို ဖေဖော်ဝါရီလအတွင်း အထင်အရှား ပြသခဲ့၏။ အကြောင်းမှာ ဝန်ကြီးချုပ် ရာထူးနေရာအတွက် မျှော်မှန်းသောကိုယ်စားလှယ်လောင်းအဖြစ် ယင်းပါတီကဘုရင့်အစ်မတော် တစ်ဦးကိုနိုင်ငံရေးစင်မြင့်ပေါ်သို့ တက်ရောက်စေခဲ့ခြင်းကြောင့် ဖြစ်သည်။

 

၂၀၁၆ ခုနှစ်မှစ၍ ရာမ ၁၀ (ဝါ) ချက်ကရီမင်းဆက်၏ ဒသမမြောက်ဘုရင်အဖြစ် စိုးစံအုပ်ချုပ်လျက်ရှိသော မဟာဗာဂျီရာလောင်ကွန်းဘုရင်၏ အစ်မတော် မင်းသမီးဥပ္ပလရတနာက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟုဆိုခြင်းမှာ ထိုင်းနိုင်ငံရေးလောကကိုသဲသဲလှုပ်စေခဲ့ပြီး တော်ဝင်အသိုက်အဝန်း အတွင်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရလေသည်။

 

“မင်းသမီးဥပ္ပလရတနာ ရွေးကောက်ပွဲဝင်ခြင်းသည် မသင့်တော်လှ”ဟူ၍ ဘုရင်မင်းမြတ်က အမိန့်တော် ထုတ်ဆင့်ခဲ့ရာ ယင်းအမိန့်တော်ကိုနာခံတော်မူပါမည်ဟု “ထိုင်းရာဆာချတ်” ပါတီကထုတ်ပြန် ကြေညာခဲ့ရ သည်။ ဘုရင်မင်းမြတ်သည် မင်းသမီးကြီးအားတိုက်ရိုက် ဝေဖန်ခြင်းမပြုသော်လည်းသူ့အား နိုင်ငံရေး စင်မြင့်ပေါ် တင်ပေးခဲ့သည့် ပါတီခေါင်းဆောင်များကိုမူပြစ်တင်ရှုတ်ချခဲ့သည်။ မင်းသမီးကြီး ရတနာမှာအသက် ၆၇ နှစ်ရှိပြီ ဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ဘူမိဘောအဒူယာဒေ့နှင့် မိဖုရားကြီးသီရိခေတ် တို့၏ သမီးဦးရတနာဖြစ်သည်။ မင်းသမီးရတနာသည် ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားပီတာလက်ဂျင်းဆန် ဆိုသူနှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင်အခြေစိုက် နေထိုင်ခဲ့သည်။ ဤသို့ဖြင့် ရတနာ၏ တော်ဝင်မင်းသမီး ဂုဏ်ပုဒ်မှာ ပျက်သုဉ်းခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် အိမ်ထောင်ရေး ကွာရှင်းပြတ်စဲခဲ့ပြီး နောက်တော်ဝင်အသိုက်အဝန်းအတွင်း တာဝန်ဝတ္တရားများကို ပြန်လည်ထမ်းရွက်ခဲ့သည်။ သို့ရာတွင် တော်ဝင် အဆင့်အတန်းဂုဏ်ပုဒ်ကိုမူရယူနိုင်ခြင်းမရှိတော့ပေ။ 

 

ပဏာမမဲစာရင်းရလဒ်အရ “ဖလန်း” ပါတီကထောက်ခံမဲများသိမ်းပိုက်ကာအမတ်နေရာ ၁၁၉ နေရာကိုပိုင်စိုးထားပြီး “ပွေ့ထိုင်း”ပါတီကအမတ်နေရာ ၁၃၅ နေရာအထိရယူနိုင်သောအကြီးဆုံးပါတီအဖြစ် ရပ်တည်နေကြောင်း၊ ကျန်ရှိသောအမတ်နေရာအများစုကို “အနာဂတ်ရှေ့သို့” ပါတီ၊ “ဒီမိုကရက်” နှင့် “ဘွမ်ဂျေထိုင်း” ပါတီတို့ကရယူထားကြောင်း လေ့လာတွေ့ရှိ ရသည်။ ထိုစဉ်အတွင်း တပ်မတော်ထောက်ခံသောပါတီနှင့် သာမန်ပြည်သူများ ထောက်ခံသောပါတီတို့အကြား အားပြိုင်နေကြပြီး ညွန့်ပေါင်းအဖွဲ့များကိုအပြိုင်အဆိုင် ဖွဲ့လျက်ရှိကြသည်။ 

 

ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီစနစ်နှင့်အညီဆောင်ရွက်ရသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကာ ပြည်သူတို့အတွက် အသည်းကြားမှမဲတစ်ပြားဟုဆိုကြသည်။ ရွေးကောက်ပွဲဟူသည် ပြည်သူအားလုံးအတွက် အရေးပါသော ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေရာ ပြည်သူ့ရေးရာဌာန္တာရ နေရာများကို ပိုင်စိုးမည့် သူများအား ပြည်သူတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ခြင်း ဖြစ်လေသည်။

 

နိုင်ငံတကာစံနှုန်းများနှင့်အညီ လွတ်လပ်၍တရားမျှတသောရွေး ကောက်ပွဲဖြစ်စေရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းသင့်လှပေသည်။ “ဒီမိုကရေစီဟူသည် ရွေးကောက်ပွဲတစ်ပွဲကိုကျင်းပပေးရုံမျှမဟုတ်ပါ၊ ဒီမိုကရေစီဟူသည် ကျွန်ုပ်တို့၏ နိစ္စဓူဝ လူနေမှုဘဝဖြစ်သည်”ဆိုသော နိုင်ငံရေးအဆိုအမိန့်တစ်ရပ်ကို ကျွန်ုပ် ပြန်လည်ကြားယောင်မိရင်း “အသည်းကြားမှမဲတစ်ပြား မောင်းထိုင်းသားတို့ ဆုံးဖြတ်ချိန်”ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။