ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဂုဏ်ပြုဆောင်းပါး
ဒေါက်တာဝင်းအောင်(သုတေသီ) မြန်မာအသည်းဖောင်ဒေးရှင်း
ဇူလိုင်လ ၂၈ ရက်နေ့သည် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများရှိ လူသားများအားလုံးမှ အသည်းရောင် ရောဂါများကို သတိပြု အလေးထားလာကြစေရန်နှင့် ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါများ လျော့နည်း ပပျောက်သွားစေရန် ရည်ရွယ်၍ နှစ်စဉ် ထိုနေ့ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြီးမှူးပြီး ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းတွင် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ် ကြပါသည်။ WHO က နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အသည်းရောင်ရောဂါနှင့် ပတ်သက်သော ဆောင်ပုဒ် တစ်ခုစီချမှတ်ကာ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လှုံ့ဆော်တွန်းအားပေးခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့၏ ဆောင်ပုဒ်မှာ “HepFreeFuture” ဖြစ်ပါသည်။ “အသည်းရောင်ရောဂါကင်းစင်ရာ အနာဂတ်ကမ္ဘာ” ဟု အဓိပ္ပာယ်ရပါသည်။
ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဖြစ်ပေါ်လာပုံ
၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ၌ ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုနှုန်းများပြားပြီး နှစ်စဉ် လူတစ်သန်းခန့် သေဆုံးစေသည့် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးရောဂါများကို ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ခန့်က ခံစားခဲ့ရပါသည်။ သို့သော် ရောဂါခံစားနေရသော လူနာကိုယ်တိုင်သာမက လူတော်တော်များများသည် ရောဂါများကို သတိမထား၊ ဂရုမပြုမိကြသောကြောင့် ဖော်ပြပါရောဂါများနှင့်ပတ်သက်၍ ရောဂါတိုက်ဖျက်ရေး၊ လုပ်ငန်းများကိုလည်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများနှင့်ပညာရှင်များက လျစ်လျူရှုနေခဲ့မိကြပါသည်။ ထိုစဉ်က ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူလူထု အခြေပြု ဖွဲ့စည်းထားသော အသည်းရောင်ရောဂါ အသင်းများသည်လည်း အထက်ပါကဲ့သို့ ထင်မြင်ခံစား နေကြရသည့်အတွက် အဆိုပါ အသင်းများစုစည်း၍ World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) ကို နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် အကျိုးအမြတ်အတွက် မဟုတ်ဘဲ လှုပ်ရှားဆောင်ရွက်သော အစိုးရမဟုတ်သည့် “ကမ္ဘာ့အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့” (World Hepatitis Alliance-WHA) ကို ၂၀၀၇ ခုနှစ်တွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံပေါင်း ၆၀ ကျော်မှ အသင်းများပါဝင်ပြီး UK နိုင်ငံသား ရှေ့နေ Mr. Charles Gore သည် အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါသည်။ သူကိုယ်တိုင်သည်လည်း အသည်းရောင်အသားဝါ စီပိုး ကူးစက်ခံခဲ့ရဖူးသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် အသည်းရောင် စီပိုးရောဂါ လူမှုအဖွဲ့ (Hepatitis C Trust) ကို ပထမဆုံး ဦးဆောင်ဖွဲ့စည်းခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
ဖော်ပြပါ အသင်းကြီးက ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ပထမအကြိမ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အသင်းကြီးအနေဖြင့် ဆက်လက်၍ WHO က ဂရုပြုလာရလေအောင် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသည့် (၆၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံ (World Health Assembly) တွင် အသည်းရောင်ရောဂါကို အလေးပေး သတိထားမှု (Awareness) ရရှိနိုင်စေရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးရှိသူ သန်း ၅၀၀ ခန့်၏ကိုယ်စား Mr. Charles Gore က တင်ပြနိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင်ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံကြီးတွင် နိုင်ငံတကာမှ ပညာရှင်များက အသည်းရောဂါအတွက် နိုင်ငံအလိုက် အမျိုးသားရေးလှုပ်ရှားမှုများကို အသိအမှတ်ပြုခဲ့ကြပါသည်။ WHO အဖွဲ့ဝင်နိုင်ငံအားလုံးကလည်း အသည်းရောဂါများသည် ကမ္ဘာပေါ်တွင် အရေးပါသည့် ရောဂါများ ဖြစ်ကြောင်း လက်ခံအတည်ပြုခဲ့ကြပါသည်။ ထို့အပြင် အသည်းရောင်အသားဝါရောဂါ ဘီပိုး ပဋိလုံပစ္စည်းကို ၁၉၆၃ ခုနှစ်မှာ စတင်တွေ့ရှိခဲ့သည့် အမေရိကန် သိပ္ပံပညာရှင်၊ နိုဘယ်လ်ဆုရှင် ဒေါက်တာ Baruch Blumberg ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ ဇူလိုင်လ ၂၈ ရက်နေ့ အား ကမ္ဘာ့အသည်းရောင်ရောဂါနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့ကြပါသည်။ ထို့ကြောင့် ၂၀၁၁ ခုနှစ်မှစတင်၍ နှစ်စဉ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အခမ်းအနားများကို WHO က ဦးဆောင်၍ နှစ်စဉ်ဆောင်ပုဒ်များ အသီးသီး ချမှတ်ကာ ကျင်းပပြုလုပ်လာခဲ့ကြခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရည်မှန်းချက်
၂၀၁၆ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၄ နိုင်ငံမှ သဘောတူ ပူးပေါင်းဆောင်ရွက်မှုဖြင့် WHO မှ Global Goal ဖြစ်သည့် “To Eliminate Viral Hepatitis as Public Health Threat by 2030” (အသည်းရောင်ရောဂါများကို ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူလူထု၏ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရမှုမှ ဖယ်ရှားပစ်နိုင်ရေး) ရည်မှန်းချက်ကို ချမှတ်ခဲ့ပါသည်။ အဆိုပါ ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားနှုန်းကို ၉၀ ရာခိုင်နှုန်း လျှော့ချရန်နှင့် အသည်းရောင်အသားဝါရောဂါနှင့် ဆက်နွှယ်သော ရောဂါများကြောင့် သေဆုံးနှုန်းကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အသည်းရောင်ဖြစ်ပွားမှုကို လက်ရှိ ၆ - ၁၀ သန်းမှ သုည ဒသမ ၉ သန်းသို့လည်းကောင်း၊ နှစ်စဉ် အသည်းရောင်ရောဂါကြောင့် သေဆုံးမှုကို ၁ ဒသမ ၄ သန်းမှ သုည ဒသမ ၉ သန်းသို့ လည်းကောင်းလျော့ကျအောင် ဆောင်ရွက်ရန် လျာထားပါသည်။ ယခုနှစ်တွင် WHO က အောက်ဖော်ပြပါ လုပ်ငန်းရပ်များကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ (၁) ကမ္ဘာပေါ်တွင် အသည်းရောင်ရောဂါများ ကင်းစင်ပပျောက်ရေးနှင့် အထူးသဖြင့် မိခင်နှင့်ကလေးငယ်များ၏ အနာဂတ်ကာလတွင် အသည်းရောင်အသားဝါရောဂါ လုံးဝကင်းစင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ (၂) အသည်းရောင်ရောဂါ ကာကွယ်ရေးနှင့် ကုသစောင့်ရှောက်ပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် (၃) လက်ရှိ ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါကာလအတွင်း အသည်းရောင်ရောဂါ တိုက်ဖျက်ရေးအတွက် အရေးပါသော လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။
ကမ္ဘာ့အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့၏ဆောင်ရွက်မှု
အထက်ပါအဖွဲ့အစည်းကြီးသည် ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါ ကင်းစင်ရေးအတွက် ဆောင်ရွက်ရာတွင် ဦးဆောင်မှုပြုနေသည့် အဖွဲ့အစည်း ကြီးဖြစ်ပါသည်။ အဖွဲ့ကြီး၏မျှော်မှန်းချက် (Vision) မှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ကင်းစင်သည့် ကမ္ဘာကြီး (A World Free From Viral Hepatitis) ဖြစ်ပါသည်။ အသည်းရောင်ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများဖြစ်သည့် အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီးတို့ကို တိုက်ဖျက်ရန် ဖြစ်ပါသည်။ အထက်ပါ မျှော်မှန်းချက်ကို ပြည့်မီနိုင်စေရန်အတွက် WHA သည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားများအားလုံးနှင့် ရောဂါပိုး ကူးစက်ခံထားရသူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုတို့ကို ရယူလျက် ဆောင်ရွက် သွားမည်ဟု သိရှိရပါသည်။
WHO က ချမှတ်ခဲ့သော ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်အတွက် WHA သည် ၂၀၁၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့တွင် “အသည်းရောင်ရောဂါ မရှိစေရ လှုပ်ရှားမှုကြီး” (NOhep Global Movement) ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ WHA က ဦးဆောင်သော အဆိုပါလှုပ်ရှားမှုကြီးသည် ကမ္ဘာ့နိုင်ငံအစိုးရများ၊ ဆေးပညာရှင်များ၊ အသည်းရောင် ရောဂါပိုးရှိ လူနာများနှင့် ပြည်သူလူထုလူမှုရေးအဖွဲ့အစည်းများ စုပေါင်းပါဝင်သည့် နိုင်ငံတကာလှုပ်ရှားမှုကြီးဖြစ်ပြီး ပြည်သူလူထုအတွင်း အသည်းရောင်ရောဂါများကို ဂရုပြု အလေးထားလာစေရန်နှင့် ပူးပေါင်းပါဝင် တိုက်ဖျက်စေရန် ဖြစ်ပါသည်။ လှုပ်ရှားမှုကြီး၏ အဓိကဦးတည်ချက်မှာ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ် အသည်းရောင်ရောဂါများ ကင်းစင်နိုင်ရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် အပြီးတိုင် တိုက်ထုတ်ပစ်ရန် (Elimination of Viral Hepatitis By 2030) ဖြစ်ပါသည်။ လူသားများအားလုံး အသည်းရောင်ရောဂါပိုးများ ကူးစက်ခံစားရခြင်းမှ လုံးဝကင်းဝေးရန် ရည်ရွယ်ပါသည်။ ယနေ့အထိ ကမ္ဘာပေါ်တွင် အသည်း ရောင် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံနေရသူ လူဦးရေ ၃၂၅ သန်းအနက် ၁ဝ ရာခိုင်နှုန်းသော သူများဖြစ်သည့် လူဦးရေ ၃၅ သန်းခန့်ကသာ မိမိတို့တွင်အထက်ပါပိုး ကူးစက်ခံ ထားရကြောင်း သိရှိကြပြီး ကျန်သန်း ၂၉၀ ခန့်မှာ မသိရှိကြပါ။ ထို့ကြောင့် ပထမအဆင့်အနေဖြင့် ဖော်ပြပါ သန်း ၂၉၀ သော ရောဂါပိုးကူးစက်ခံထားရသည့် သူများကို အလေးထား ရှာဖွေဖော်ထုတ်ရန် လုံးဝလိုအပ်ပါသည်။
၂၀၁၈ မှ ၂ဝ၂ဝ ပြည့်နှစ်အထိ သုံးနှစ်ဆက်တိုက် ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့၏ ကမ္ဘာ့အသည်းရောင်ရောဂါနေ့အတွက် ဆောင်ပုဒ်မှာ “Find The Missing Millions” ( အသည်းရောင်ရောဂါကင်းဝေးရေး၊ဝိုင်းဝန်းရှာဖွေ စစ်ဆေးပေး) ဖြစ်ပါသည်။ အသည်းရောင် အသားဝါဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည့် သန်းပေါင်း များစွာသောသူများကို ရှာဖွေစစ်ဆေးပေးကြပါရန်ဟု အဓိပ္ပာယ်ရပါသည်။ WHA သည် ၂၀၁၈မှ ၂ဝ၂ဝ ပြည့်နှစ် ၃ နှစ်အတွင်း NOhep လှုပ်ရှားမှုကြီးကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ကမ္ဘာပေါ်တွင် ပိုးကူးစက်ခံနေရသည်ကို စမ်းသပ်သိရှိနေပြီးသည့် လူဦးရေ ၃၅သန်းမှသည် ကျန်စမ်းသပ် စစ်ဆေးရန် လိုအပ်သူသန်း၂၉ဝ အနက်မှ ၂၀၂၀ ပြည့်နှစ် တွင် ၃၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ၉၀ ရာခိုင်နှုန်းသော လူဦးရေများကို စမ်းသပ်စစ်ဆေး သိရှိနိုင်ရန် ဦးတည်ချက်ထား ဆောင်ရွက်သွားရန် လျာထားပါသည်။ Nohep Global Movement ၏ ရည်မှန်းချက်ပန်းတိုင်မှာ ၂၀၃၀ ပြည့်နှစ်တွင် ရောဂါကူးစက်ခံနေရသူ အားလုံး၏ ၉၀ ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ သိရှိဂရုပြုနေထိုင် လာနိုင်စေရန်လည်းကောင်း၊ အသည်းရောင်ရောဂါများ ထပ်မံကူးစက်ခံရခြင်းကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်စေရန်လည်းကောင်း၊ ထိရောက်မှန်ကန်သော ဆေးကုသမှုကို ၈၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ရန်လည်းကောင်း၊ နောက်ဆက်တွဲ ရောဂါများကြောင့် နှစ်စဉ် သေဆုံးရခြင်းကို ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်စေရန် လည်းကောင်းဖြစ်ပါသည်။ ။
မြန်မာနိုင်ငံနှင့် အသည်းရောင်အသားဝါရောဂါ
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးမှာ ယခုအချိန်အထိ အေ၊ ဘီ၊ စီနှင့် အီးဟူ၍ လေးမျိုးသာ ရှိပါသည်။ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါရောဂါကို ထိထိရောက်ရောက် တိုက်ဖျက်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက် (National Hepatitis Control Program-NHCP) ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင်တည်ထောင်ဖွဲ့စည်းကာ ရောဂါကာကွယ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ နှီးနွှယ်ဝန်ကြီးဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှအစိုးရမဟုတ်သော ကျန်းမာရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိပါသည်။ NHCP ၏ မျှော်မှန်းချက် (Vision) မှာ “အသည်းရောင်ရောဂါ ရှိနေသူများအား အန္တရာယ်ကင်း၍ ထိရောက်သော ကုသမှုများကို လက်လှမ်းမီရရှိအောင် ဆောင်ရွက် ပေးခြင်းဖြင့် ရောဂါကူးစက်မှုကို ရပ်တန့်အောင်ပြုလုပ်ကာ ဗိုင်းရပ်စ်ပိုး အသည်းရောဂါများမှ လုံးဝကင်းစင်စေရန်” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက် ပြည့်မီနိုင်ရေးအတွက် အမျိုးသား အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်သည် ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း အောက်ပါ မဟာဗျူဟာ (၄) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ။
(၁) အသည်းရောင် အသားဝါဗိုင်းရပ်စ် ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိအောင် ကာကွယ်ခြင်း၊
(၂) ရောဂါစမ်းသပ် စစ်ဆေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကုသမှုခံယူစေခြင်း၊
(၃) ရောဂါကုသရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်အောင် ဆောင်ရွက်ခြင်း၊
(၄) အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားမှုကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်း နည်းဗျူဟာများ ချမှတ်အကောင် အထည်ဖော်ခြင်းတို့ ဖြစ်ပါသည်။ ။
ပြည်သူလူထုကလည်း မိမိကိုယ်မိမိ အသည်းရောင် အသားဝါရောဂါကူးစက်ခံရခြင်းမှကာကွယ်ရန် အဓိက အချက် (၆) ချက်ဖြစ်သော အသည်းရောင်အသားဝါ ဘီရောဂါ ကာကွယ်ဆေးထိုးရန် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓားနှင့် သွားပွတ်တံများအတူ မျှဝေသုံးစွဲခြင်းမှ လုံးဝရှောင်ကြဉ်ခြင်း၊ ဘီပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်များသည် မိမိ၏ မွေးဖွားလာမည့် ရင်သွေးကို ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း/ နားဖောက်ခြင်းတို့ ပြုလုပ်ရာတွင် ပိုးသတ်သန့်စင်ထားသော ကိရိယာများကိုသာ အသုံးပြုခြင်း၊ လိင်ဆက်ဆံဖော် များသူတို့အနေဖြင့် ကွန်ဒုံးကို စနစ်တကျ အမြဲအသုံးပြုခြင်း နှင့် ဆေးကုသမှုခံယူတိုင်း (ဖြစ်နိုင်လျှင်) သောက်ဆေးကိုသာ အသုံးပြုရန်နှင့် ဆေးထိုးခြင်းကို ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ကူးစက်မှုအန္တရာယ်များသောသူများဖြစ်သည့် ပိုးသတ်သန့်စင်ထားမှုမရှိသော ဆေးထိုးအပ်ကိရိယာများဖြင့် မကြာခဏဆေးကုသမှုနှင့် သွားခံတွင်း ကုသမှုခံယူနေသူများ၊ အသည်းရောင်အသားဝါ ရောဂါပိုး စစ်ဆေးထားခြင်း မရှိသည့်သွေးဖြင့် သွေးသွင်းကုသမှု ခံယူထားသူများ၊ အသည်းရောင်အသားဝါ ရောဂါပိုးရှိသော မိခင်မှ မွေးဖွားလာသူများ၊ ဆေးဝါးများကို အမြဲတမ်းဆေးထိုးခြင်းဖြင့် ကုသမှု ခံယူနေရသူများနှင့် အသက် (၄၅) နှင့် (၆၀) အကြား ရှိသူများသည် မိမိကိုယ်မိမိ အသည်းရောင် အသားဝါပိုးများ ရှိ/မရှိ စစ်ဆေးမှုများကို မဖြစ်မနေ ခံယူသင့်ပါသည်။
တိုက်တွန်းနှိုးဆော်ချက်
ယခုအချိန်ကာလတွင် အသည်းရောင်အသားဝါ ရောဂါသည် တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားဆဲ ရှိနေပါသည်။ WHO ၏ ၂၀၁၆ ခုနှစ်တွင် ရည်မှန်းချက်နှင့် ယခုနှစ် ၂၀၂၀ ကမ္ဘာ့အသည်းရောင်ရောဂါနေ့တွင် ဆောင်ပုဒ်တို့ကိုလည်းကောင်း၊ WHA မှ ယခုနှစ် ၂၀၂၀ ကမ္ဘာ့အသည်းရောင်ရောဂါနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်တို့ကိုလည်းကောင်း ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာပြည်သူများကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပါရန်နှင့် ပြည်သူလူထုအနေဖြင့် အသည်းရောင်အသားဝါ ဘီ စီ ပိုးများ ရှိ/မရှိ မိမိကိုယ်မိမိ မသိရှိရသေးပါကလည်း စမ်းသပ်စစ်ဆေးမှု ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ သို့မှသာလျှင် မဝေးတော့သည့် အနာဂတ်ကာလတွင် အသည်းရောင်အသားဝါရောဂါ ကင်းစင်သောမြန်မာနိုင်ငံကြီး ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အသည်းရောင် ရောဂါနေ့အား ဂုဏ်ပြုလိုက်ရပါသည်။


