ရန်ကုန် ၄ ဖေဖော်ဝါရီ
အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များအား စာဖတ်ခြင်း အလေ့အထရရှိစေရန် ပျိုးထောင်ပေးခြင်းအနေဖြင့် အာဆီယံ-ကိုရီးယား၏ “အတူတူစာဖတ်ကြစို့” စီမံကိန်းအရ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယားအတူ စာဖတ်စို့လား” အစီအစဉ်အတွက် “အသံထွက်၍ စာဖတ်ပြခြင်း”သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန (ရန်ကုန်)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်)နှင့် အမျိုးသား ပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများ၊ ပန်းပဲတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တာဝန်ခံနှင့် စာကြည့်တိုက်မှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Community Center များ၊ ရန်ကင်းပညာရေးကောလိပ်နှင့် ပန်းဘဲတန်းမြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက အာဆီယံ-ကိုရီးယား၏ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား အတူစာဖတ်စို့လား” အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားသည်။
“အသံထွက်၍စာဖတ်ပြခြင်း”သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၂၃ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ယနေ့မှ ဖေဖော်ဝါရီ ၅ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်