အသံတိတ်ပုစ္ဆာများကို သဘောတရားနည်းဖြင့် ဖြေရှင်းခြင်း

mdn

သတင်းဆောင်းပါး - အန်ကယ်ပညာ

 

တစ်ချိန်က စိတ်ကူးယဉ်ခဲ့သော ကွင်းပြင်တစ်ခုသည် ဥယျာဉ်တစ်ခုအဖြစ် အသွင်ပြောင်းလာခဲ့ပေပြီ။ ထိုအသွင်ပြောင်းကာလအတွင်း အချိန်၊ ငွေနှင့် လုပ်အားတို့ကို မြှုပ်နှံပစ်ခဲ့ရသည်။ ထိုအထဲက ပြန်မရနိုင်တော့ သည်မှာ အချိန်ဖြစ်သည်။ တန်ဖိုးမဲ့သွားသည့် အချိန်များကားမဟုတ်။ ထိုအချိန်များတွင် စိုက်ပျိုးထားသည့် အပင်တို့က အသံတိတ်ပုစ္ဆာမြောက်မြားစွာကို ပေးခဲ့ကြသည်။ ထိုပုစ္ဆာများကို ဖြေရှင်းနိုင်ရန် လေ့လာရသည်။ တပည့်ခံရသည်။ လက်တွေ့လုပ်ကြည့်ရသည်။ ထိုအရာများကို မှတ်သားထားရသည်။ တစ်ဆင့်ပြန်မျှ ဝေရ သည်။ သို့ရာတွင် ထိုမှတ်သားလေ့လာ လိုက်နာဆောင်ရွက်ချက်များနှင့် ရရှိသည့် အဖြေတို့သည် တစ်သမတ် တည်းမဟုတ်သည်ကို တွေ့ရပြန်သည်။ ပုစ္ဆာတစ်ပုဒ်အတွက် ရရှိသည့်အဖြေသည် တစ်ချိန်တွင် အလားတူ ပုစ္ဆာအတွက် အဖြေမဟုတ် ပြန်တော့သည်ကို တွေ့ရသည်။

 

ထာဝစဉ်ရှင်သန်နုပျို

 

မှတ်သားဖူးသည့် အကြောင်းအရာတစ်ခုနှင့် ဆက်စပ် ပြောလိုပေသေးသည်။ ကိန်းဂဏန်းအတွက်အချက်တွင် ပါရမီ ထူးသည့် ပုဂ္ဂိုလ်တစ်ယောက်ရှိသည်။ ကိန်းဂဏန်းနှင့် သက်ဆိုင်သည့် ပုစ္ဆာမှန်သမျှ အခက်အခဲမရှိ တွက်ချက် နိုင်သည်။ လူ့လောကကြီးရှိ နေရာဌာနကဏ္ဍအသီးသီးတွင် ကိန်းဂဏန်းအတွက်အချက်နှင့် လွတ်ကင်းသည့် နေရာမရှိ သလောက်ပင်ဖြစ်သည်။ သို့သော်လည်း ကိန်းဂဏန်းတို့သည် ထိုသူအတွက် လွယ်လွန်းနေသည်။ ရင်ခုန်စရာ စိန်ခေါ်မှုအဖြစ် မမြင်တော့။ ပျင်းစရာ၊ ငြီးငွေ့စရာအဖြစ် မြင်လာသည်။

 

သို့ရာတွင် ထိုသူသည် ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည့် အလုပ်တစ်ခုကို ရှာဖွေ တွေ့ရှိသွားသည်ဟု ဆိုသည်။ ထိုအရာမှာ အပင်စိုက်ပျိုးခြင်းဖြစ်သည်။ အပင်တို့သည် ကိန်းဂဏန်းတို့နှင့် လွတ်ကင်းသည့်အပြင် မရိုးနိုင်သော ပုစ္ဆာတို့ကို ပေးစွမ်းနေကြသည့်အရာများဟု သူသိလာသည်။ သို့အတွက် သူ့ဦးနှောက်နှင့် နှလုံးသားသည် ထာဝစဉ်ရှင်သန်နုပျိုနေသည်ဟု မြင်လာသည်။ ထို့ကြောင့် အပင်စိုက်ပျိုး ခြင်းကို အသက်ထက်ဆုံးပျော်ရွှင်ကျေနပ်စွာ လုပ်ဆောင်သွားခဲ့သည်ဟု မှတ်သားဖူးပေသည်။

 

အသံတိတ်ပုစ္ဆာများ

 

အပင်တို့သည် မရိုးနိုင်သောပုစ္ဆာတို့ကို ပေးစွမ်းနေကြသည်ဟု ဆိုခဲ့ပါသည်။ ၄င်းတို့သည် သက်ရှိများ ဖြစ်ကြ သည်။ အစာနှင့်ရေတို့ကို စားသောက်၍ ရှင်သန်ကြီးထွား မျိုးဆက်ပွားကြသည်။ သက်ရှိများ၏ သဘော သဘာဝအတိုင်း အစာနှင့် ရေတို့နှင့် သက်ဆိုင်သည့် ပြဿနာများရှိကြသည်။ ရောဂါနှင့် ဖျက်ဆီးမှုများနှင့် ကြုံတွေ့ကြရသည်။ မျိုးဆက်ပွားခြင်းနှင့် ဆိုင်သည့် ကန့်သတ်ချက်များလည်း ရှိကြသည်။ အသက်ရှင် ရပ်တည်ရေးအတွက် အခြားသောသက်ရှိများ နည်းတူ လိုအပ်ချက်များ၊ အနှောင့်အယှက်များ ရှိနေကြပေသည်။

 

ထိုအချက်အားလုံးသည် ၄င်းတို့ ရေရှည်အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အပင်များကပေးသော ပုစ္ဆာများပင် ဖြစ်ပေသည်။ သို့ရာတွင် ထိုပုစ္ဆာတို့သည် စကားသံအဖြစ်ကား မဟုတ်၊ အသံတိတ်ပုစ္ဆာများပင် ဖြစ်လေသည်။ ထိုပုစ္ဆာတို့သည် တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့်ခက်ကြလေရာ ဖြေရှင်းရင်းနှင့် ရရှိလိုက်သည့် အဖြေတို့သည်လည်း တန်ဖိုးကြီးသည်ဟု ဆိုရပေမည်။ သို့ဖြစ်၍ ကွင်းပြင်တစ်ခုမှ ဥယျာဉ် တစ်ခုအဖြစ်သို့ အသွင်ပြောင်းစဉ်ကာလအတွင်း ကုန်ဆုံးခဲ့ သည့် အချိန်များကို တန်ဖိုးမဲ့အချိန်များ မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။

 

မြေဆီမြေဩဇာဆိုင်ရာပုစ္ဆာ

 

မိမိစိတ်ကူးယဉ်ခဲ့သည့်အထဲတွင် စိန်တစ်လုံးသရက်လည်းပါသည်။ ကာလတစ်ခုကို ဖြတ်သန်းပြီးဖြစ်၍ အသီး ခူးနေသည်မှာ သုံးနှစ်ရှိပေပြီ။ ယခုနှစ်အသီးရာသီတွင် အသီးခူးရင်း အပင်တို့ကို သတိထားမိရာ အစာအာဟာ ရနှင့် ရေကို   တောင်းဆိုနေကြသည်ကို  တွေ့ရသည်။  အစောဆုံးမိုးကျအပြီးတွင် ယူရီးယားတစ်အိတ်၊ ဖော့စဖိတ်နှစ်အိတ်နှင့် ပိုတက်ရှ် တစ်အိတ်တို့ကို သမ၍ ခုနစ်နှစ်သားအပင်တို့ကို နို့ဆီဘူး တစ်ဘူးခွဲနှုန်း၊ ငါးနှစ်သားများကို တစ်ဘူးနှုန်းနှင့် လေးနှစ်သားများကို နို့ဆီဘူးဝက်နှုန်း ကျွေးလိုက်သည်။

 

ဤနည်းကိုမှားသည် မှန်သည်ဟု ဝေဖန်သုံးသပ်ပေးမည့် သူမှာအပင်များပင် ဖြစ်ပေသည်။ မြေဩဇာ ကျွေးပြီးချိန်တွင် မိုးကလည်း ကပ်လိုက်လာသဖြင့် နှစ်ပတ်အကြာတွင် အရွက်များ အစိမ်းရင့်ရောင် ပြောင်းသွား သည်။ သုံးပတ်အကြာတွင် ရွက်နုများ ထွက်လာကြသည်။ ၄င်းတို့အလိုရှိသော အာဟာရနှင့် ရေကို ရလိုက် ကြပြီဟု နားလည်လိုက်ပါသည်။ ဤတွင် ပညာရှင်တို့က သိပ္ပံနည်းကျတွက်ချက်၍ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်တို့ကို အပင်သက်တမ်းအလိုက် ဘယ်နှကီလို၊ သဘာဝမြေဩဇာ ဘယ်နှပြည်နှုန်း ကျွေးရမည်ဟု ဆိုကြပေလိမ့်မည်။ စိုက်ပျိုးရေးဆိုင်ရာပညာရှင်များ၏ ကောင်းမြတ်သော စေတနာပင် ဖြစ်ပါသည်။ သို့ရာတွင် တောင်သူအများစုအနေဖြင့် ဆိုလိုရင်းကို သဘောပေါက်မလွယ်သည်လည်း ရှိနိုင်ပေသည်။

 

ထိုအတိုင်း အတိအကျ လိုက်ပါလုပ်ဆောင်ရန်အတွက် လိုအပ်ချက်နှင့် အခက်အခဲများလည်း ရှိပေလိမ့်မည်။ ထို့အပြင် ကုန်ကျစရိတ်ပြဿနာလည်း ရှိသေးသည်။ ကွန်ပေါင်းမြေဩဇာ တစ်အိတ်၏တန်ဖိုးသည် အထက် တွင် ဖော်ပြခဲ့သည့် တစ်မျိုးချင်း မြေဩဇာတစ်အိတ်တန်ဖိုး၏ နှစ်ဆဖြစ်နေပေသည်။ အပင်အရေ အတွက် များ၍ အသုံးပြုရမည့်ပမာဏများလေ ကုန်ကျစရိတ်ကွာခြားချက်ကြီးလေဖြစ်သည်။ တစ်ဖန်ငွေကြေးတန်ဖိုးကြီး သော်လည်း အရည်အသွေး အာမခံချက်အပိုင်းတွင် ကိုယ်တိုင်စမ်းသုံးကြည့်မှ သိရမည့်သဘော ဖြစ်နေပြန်သည်။

 

သို့ဖြစ်၍ အထက်ပါကိုယ်တိုင် ရောစပ်အသုံးပြုခြင်းကို ပြုလုပ်လာကြလေသည်။ ဤသည်ကိုပင် အချို့သော သူတို့က ထိုသို့ရောစပ်အသုံးမပြုရဟူ၍ ကြောင်းကျိုးပြမပါဘဲ ပြောနေကြသည်ကိုတွေ့ရပြန်သည်။ ဤသို့ဆို လျှင် ထိုဓာတ်သဘာဝပစ္စည်း တို့ကို ရောစပ်ထုတ်လုပ်ထားသည့် ကွန်ပေါင်းမြေဩဇာကို အသုံးမပြုရ ဆိုသကဲ့သို့ ရှိမည်ထင်ပါသည်။ အမှန်တကယ် လိုအပ်သည်မှာ မြေဆီမြေဩဇာနှင့် ပတ်သက်၍ တောင်သူများ က အပင်တို့၏ အများလို ဓာတ်မြေဩဇာတို့၏ သဘောသဘာဝကိုသိရှိပြီး ကျွေးရမည့်အချိန်တွင် မဖြစ်မနေ ကျွေးပေးရမည် ဆိုသည့်အချက်ပင် ဖြစ်ပါသည်။ ထိုသို့ကျွေးရာတွင် အချိန်အဆ၊ အကြိမ်ရေ၊ ကျွေးလိုက်သည့် မြေဩဇာတတ်နိုင်သမျှ လေလွင့် ဆုံးရှုံးမှု မရှိစေရေးတို့အတွက် ချင့်ချိန်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

ကိုင်းဖြတ်ခြင်းဆိုင်ရာပုစ္ဆာ

 

စိန်တစ်လုံးသရက်တို့ကို အပင်ပုံသွင်းရန်အတွက် လည်းကောင်း၊ ပိုးမွှားရောဂါ ကျရောက်ခြင်းမှ ကာကွယ်ရန်၊ နေရောင်နှင့် လေဝင်လေထွက် ကောင်းစေရန်၊ အပင်ပိုင်းကြီးထွားမှုကို ထိန်းချုပ်ရန်နှင့် သီးထွက်ညီ၍ အရည် အသွေးကောင်း သရက်သီးများ ရစေရန်အတွက်လည်းကောင်း ကိုင်းဖြတ်ပေးရသည်။ ထိုသို့ဖြတ်ရာတွင် အပေါ်သို့ ထောင်ထွက်နေသည့် ကိုင်းများ၊ ကိုင်းသေးကိုင်းခြောက်များ၊ ရောဂါပိုးမွှားနှင့် ကျီးပေါင်းတက် နေသော ကိုင်းများကို ရွေးဖြတ်ရသည်။ ကိုင်းဖြတ်မှ သီးသည် ဆို၍ ယခင်နှစ်သီးသည့်အပင်များကို အထက်ပါ နည်းအတိုင်း ဖြတ်ပေးရာ ဖြတ်သည့်အပင်များက ယခုနှစ်တွင် အသီးနည်း၍ မဖြတ်ဖြစ်သည့် အပင်များက သီးအားကောင်းနေသည်ကို တွေ့ရပြန်သည်။ သို့ဖြစ်၍ မည်သည်က အမှန်ဟု ဝေခွဲရန်ခက်ရပြန်သည်။ မည်သို့ ဆိုစေ ပုံသွင်းရန်အတွက် ကိုင်းဖြတ်ခြင်းကိုကား လုပ်ဖြစ်နေပေသေးသည်။

 

ပန်းပွင့်ချိန်ဆိုင်ရာပုစ္ဆာ

 

သရက်ပန်းပွင့်ချိန်သည် ဒေသတစ်ခုနှင့်တစ်ခု မတူညီပေ။ သို့ရာတွင် ဒေသတစ်ခုချင်းအလိုက် ရာသီချိန်မှန် ပွင့်တတ်ပေသည်။ ထိုရာသီချိန်တွင် မပွင့်ပါက နောက်တစ်နှစ်မှ ပန်းမြင် ရပေလိမ့်မည်။ ပန်းပွင့်ချိန်ဆိုင်ရာ ပုစ္ဆာသည် အထက်တွင် ဖော်ပြခဲ့သည့် မြေဆီမြေဩဇာကျွေးခြင်း၊ ကိုင်းဖြတ်ခြင်းတို့နှင့် ဆက်နွှယ်နေပြန်သည်။ ဤအချက်မှာ အရေးကြီးသည့် အချက် ဖြစ်ပေသည်။ စိန်တစ်လုံးသရက်၏ အပွင့်ကိုင်းသည် အရွက်ထွက်ပြီး အနည်းဆုံး လေးလသက်တမ်းရှိမှ အပွင့်ပွင့်သည် ဆိုသည့် အချက်ပင်ဖြစ်သည်။ သို့ဖြစ်၍ ကိုင်းဖြတ်ခြင်းနှင့် အပင်အားပေးဓာတ်မြေဩဇာကျွေးခြင်း တို့ကို ပန်းပွင့်ရာသီမတိုင်မီ လေးလထက်နောက်ကျ၍ မလုပ်မိစေရန် သတိထားရပေမည်။ ထိုကာလအတွင်း ရေလည်း ဖြတ်ထားရပေမည်။

 

သို့အပြင် ပန်းပွင့်ရာသီမတိုင်မီ နှစ်ပတ်အလိုတွင် ပိုတက်စီယမ်နိုက်ထရိတ် ရွက်ဖျန်းဆေးကို ဖျန်းပေးခြင်းဖြင့် အပွင့် မြိုင်မြိုင်ပွင့်သည်ကို တွေ့ရပေသည်။ ဤအချက်ကိုလည်း သရက်တောင်သူများ လုပ်ဆောင်သင့်သည် ဟု ဆိုချင်ပါသည်။ သရက်တစ်ရာသီအတွက် ပန်းပွင့်မြင်ရခြင်းသည် ပထမဆုံး မျှော်လင့်ချက်ရောင်ခြည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ယခုနှစ် ပန်းပွင့်ချိန်ရာသီတွင် ခရီးလွန်နေခဲ့သည်။ ခရီးမှ ပြန်ရောက်ချိန်တွင် အပွင့်များ မည်းခြောက်နေသည်ကို တွေ့ရသည်။ သရက်တောင်သူတို့၏ စကားအတိုင်း ပြောရလျှင် ဒီတစ်နှစ်တော့ သွားပြန်ပြီပေါ့။ အဖူးထွက်စတွင် မှိုဆေးဖျန်းရန် ဝီရိယနည်းခဲ့သည်ကို သတိရသည်။ အချိန်နှောင်းခဲ့လေပြီ။ အပင်တိုင်းတွင် ကပ်ကျော်သီးကင်း တချို့တလေကိုသာ တွေ့ရတော့သည်။ စိတ်ပျက်လက်ပျက် လွှတ်ထားလိုက်တော့သည်။

 

အသီးဆိုင်ရာပုစ္ဆာ

 

ထိုအချိန်တွင် တောင်သူတစ်ဦး ပြောခဲ့သည့် စကား တစ်ခွန်းကို သတိရသည်။ “ခြံထဲက ထွက်သမျှ သစ်သီး တစ်လုံး ဟင်းရွက်တစ်ချပ်ကို တန်ဖိုးထားပါ” ဟူ၍ဖြစ်သည်။ မှန်သည်ဟု ဆိုရပေမည်။ ထိုအသီး ထိုအရွက် တို့အတွက် အလုပ်လုပ်နေကြခြင်းသာဖြစ်သည်။ ရသလောက် ဆယ်တင်ကြည့်ဦးမည်ဟု စိတ်ကူးပေါက်လာ သည်။ အပင်တို့ကို ပိုးသတ်ဆေး၊ မှိုဆေးဖျန်းသည်။ ကျန်သမျှအသီးတို့ကို အိတ်စွပ်လိုက်သည်။

 

အိတ်စွပ်ပြီးမှ အဖြေပေါ်တော့သည်။ ဤသရက်ရာသီ အတွက် အသီးအရေအတွက် မည်မျှရမည်ကို သိရသည်။ အသီးခူးချိန်တွင် တစ်ပင်ချင်းစီ၏ အသီးအရေအတွက်တို့ကို မှတ်သားမိသည်။ အမြင်အားဖြင့် ကျိုးတိုးကျဲတဲ ဟု ထင်ရ သော်လည်း တစ်ပင်လျှင် အလုံး ၇၀ နှင့် ၁၀ဝကြားရသည်။ အရောင်လှသည်။ အလုံးညီသည်။ ပိုးထိုးကင်းသည်။ ရောင်းပန်းလှသည်။ မိမိခြံထွက် သရက်သီးအတွက် အရွယ်၊ အရောင်အဆင်း၊ အနံ့၊ အရသာတို့အတွက် ယုံကြည်မှုအပြည့် ရှိနေသည်။

 

ရောင်းတန်းဝင် အရွယ်ညီ အသီးတို့ ရရှိစေရန် အပင် လတ်တစ်ပင်လျှင် အသီး ၁၀ဝ ခန့် သာယူသင့်သည်ဟု အဖြေရသည်။ ထွက်သမျှ တန်ဖိုးထားရမည်ဆိုသည်ကို လက်ခံမိသည်။ အသီးတို့ကို ရောင်းပန်းလှစေရန် အိတ်စွပ်ရမည်ဟု မှတ်ယူမိသည်။ ဤသို့နှင့် စိတ်ပျက်လက်ပျက်ပစ် ထားခဲ့သည့်အခင်းမှ ခြံစရိတ်ကလေးတော့ ပြန်ရခဲ့ပေသေးသည်။ ယခုရေးသားတင်ပြခဲ့သမျှသည် ပညာရှင်တို့၏ အမြင် နှင့် သွေဖည်နေသည့်အချက်များ ရှိနိုင်ပါသည်။ ဝါသနာ အရင်းခံဖြင့် စိုက်ပျိုးလုပ်နိုင်နေသူတစ်ဦး၏ ဥယျာဉ်ခြံအတွင်း က အသံတိတ်ပုစ္ဆာများကို သဘောတရားနည်းဖြင့် မည်သို့ ဖြေရှင်းနေသည်ကိုသာ မျှဝေလိုက်ခြင်း ဖြစ်ပါသည်။