ဇာမဏီ
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ ပြည်ပ ဩဇာခံအဖွဲ့အစည်းအသီးသီးမှ NUG အကြမ်းဖက် အဖွဲ့ကို အသိအမှတ်ပြုရေး ဝိုင်းဝန်းလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်။ ပြဿနာ၏အစမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပေါ်ခဲ့သည့်ကိစ္စကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ရယူခဲ့သည့်အပေါ် အချို့သောဝန်ထမ်းများ နည်းတူ နယူးယောက်မြို့ရှိ အမြဲတမ်းကိုယ်စားလှယ် တာဝန်ယူထားခဲ့သူ ကျော်မိုးထွန်းက နိုင်ငံတော်ကို သစ္စာဖောက်ဖျက်၍ ရာထူးကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၎င်းသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိတော့ဘဲ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် တရားစွဲဆိုထားပြီး နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ထားပါသည်။ ထို့ကြောင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာကို လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က သီးသန့်တာဝန်ပေးအပ်ပြီးဖြစ်ပါသည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်က (၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုအပေါ် ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ပါသည်။
လုပ်နည်း Rule 29 အရ
ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း Rule 29 အရ ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ အထွေထွေ ညီလာခံက ဆုံးဖြတ်ချက်မချမှတ်ရသေးမီ လက်ရှိရှိနေသည့် အမြဲတမ်းကိုယ်စားလှယ်ကို ဆက်လက်ထားရှိရန် ပါရှိသည်။ ယင်းစည်းမျဉ်း ကို အကြောင်းပြု၍ ကျော်မိုးထွန်းကို ဆက်လက်ထားရှိနေခြင်းဖြစ်ပြီး ယင်းမှာ NUG အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂက အသိအမှတ်ပြုထားခြင်း မဟုတ်ပေ။
သို့ရာတွင် ကျော်မိုးထွန်းသည် NUG အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုကြောင်း ကိုယ်တိုင်ပြောကြားခဲ့သလို ၎င်းအဖွဲ့က ထုတ်ပြန်သော ဝါဒဖြန့်စာစောင်များနှင့် လက်ရှိလှုပ်ရှားနေသော ကမ်ပိန်းများအရ တွေ့ရှိရသည်။ ယင်းမှာ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ရွှေ့ဆိုင်းမှုကို လက်တစ်လုံးခြားပြုကာ ကုလသမဂ္ဂမျက်နှာစာ အစည်းအဝေးများတွင် အစည်းအဝေးခေါင်းစဉ်နှင့် သက်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ မြေပြင်တွင် မရှိသော NUG အကြမ်းဖက်အဖွဲ့၏ လိုလားချက်များကို ကျော်မိုးထွန်းက သခွပ်ပင်က မီးတကျည်ကျည် ပြုနေခြင်းသာဖြစ်သည်။
အသွင်ပြောင်းလာ
အမှန်စင်စစ်တွင် ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံ များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက အားကိုး အားထားပြုရသည့် အတွင်းရေးမှူးချုပ် ဦးသန့် ခေတ်ကဲ့သို့ ဘက်မလိုက်သော၊ သမာသမတ်ကျသော ကုလသမဂ္ဂ၏ခေတ်သည် ကုန်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုသလိုအဓိပ္ပာယ်ဖွင့်ခြင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို အင်အားကြီးနိုင်ငံများကသာလွှမ်းမိုးခြင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ကိုကျော်လွန်သော R2P ကဲ့သို့ နည်းလမ်းများကို အသုံးပြုခြင်းတို့ဖြင့် ကုလသမဂ္ဂ သည် ဩဇာခံအဖွဲ့ကြီးအဖြစ် အသွင်ပြောင်းလာသည်မှာ အများအသိပင်ဖြစ်သည်။
NUG အကြမ်းဖက်အဖွဲ့ကိုလိုလားသူ ကျော်မိုးထွန်းသည် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂမှ စစ်ရေးအရ အင်အားသုံး ဖြေရှင်းရေး၊ R2P ဝင်ရေး နှင့် No-fly zone သတ်မှတ်ရေး စသည်တို့ကို လမ်းကြောင်းခဲ့သော နိုင်ငံတော်ကို သစ္စာဖောက်ဖျက် သူသက်သက်သာဖြစ်သည်။ နိုင်ငံအပေါ် သစ္စာစောင့်သိသော မည်သည့်နိုင်ငံမှ ပညာရှင် သံတမန်မျိုးမှ မပြုလုပ်မည့် မပြုအပ်သော ကျင့်ဝတ်ချိုးဖောက် ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ယင်းသို့သော R2P အကြောင်းပြချက်ဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ခွင့်ပြုချက်မပါဘဲ NATO မှ လစ်ဗျားနိုင်ငံကို ၂၀၁၁ ခုနှစ်တွင် စစ်ရေးအရတိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်ချိန်ကကြွယ်ဝခဲ့သော လစ်ဗျားနိုင်ငံသည် ပဋိပက္ခများဖြင့် နစ်မြောလျက်ရှိသည်။ အကျိုးစီးပွားခြင်းမတူသော ဒေသတွင်းနိုင်ငံများနှင့် အင်အားကြီးနိုင်ငံများက နိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့အမျိုးမျိုးကို ကျောထောက်နောက်ခံပြုထားခြင်းဖြင့် ငြိမ်းချမ်းရေး လမ်းစပျောက်လျက်ရှိသည်။ အလားတူ အဖျက်စွမ်းအားကြီးမားသောလက်နက် များရှိသည်ဟု အကြောင်းပြ၍ အမေရိကန်တို့ဆင်နွှဲ ခဲ့သော အီရတ်ကျူးကျော်စစ်ကြောင့် ယနေ့တိုင် လစဉ်အရပ်သားပြည်သူ ရာဂဏန်းသေဆုံးနေရဆဲ ဖြစ်သည်။ ကုလသမဂ္ဂ၏ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် အထူးနိုင်ငံရေးမစ်ရှင်များ စေလွှတ်ခြင်းခံရသော နိုင်ငံများတွင်လည်း ယင်းတပ်ဖွဲ့များကို ဆယ်စုနှစ်များစွာ လက်ခံထားသည့်တိုင် အခြေအနေများ ထူးခြားကောင်းမွန်လာခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းသို့မည်သည့်နိုင်ငံတွင်မျှ အောင်မြင်ခြင်းမရှိသည့်အပြင် နောင်မျိုးဆက် ပေါင်းများစွာကို ပဋိပက္ခ ဒုက္ခပေါင်းမျိုးစုံနှင့် ချန်ရစ်ရသည့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ နမူနာများရှိသည့်တိုင်အောင် မြန်မာနိုင်ငံကို စစ်ရေးအရဝင်ရောက်ရန် ဖိတ်ခေါ်သူအပေါင်းမှာ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားထက် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဖြင့် အလုံးစုံပျက်သုဉ်းရေးကို လိုလားသူအမျိုးသားသစ္စာဖောက်များသာဖြစ်သည်။
ဘွင်းဘွင်းကြီးပေါ်
ယင်းသို့သောအတ္တမှာ တစ်စတစ်စပိုမိုထင်ရှားခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် မည်သည့် အခါကမျှ မရှိခဲ့သော “ရိုဟင်ဂျာ” ဆိုသည်ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြု၍ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန် ပြောင်ပြောင် တင်းတင်းပြောကြားခဲ့သည့် NUG အကြမ်းဖက် အဖွဲ့၏ နိုင်ငံနှင့်လူမျိုး အပေါ် သစ္စာဖောက်မှု၊ မထောက် ထားမှုမှာလည်း ဘွင်းဘွင်းကြီးပေါ်ခဲ့ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံရှိ မွတ်ဆလင်များဟု ခေါ်ဆိုရေးအမိန့်၏နောက်တွင် “ရိုဟင်ဂျာ” အဖြစ်အသိအမှတ်ပြုရေး အာဂျင်ဒါမှာ ဖုံးဖိမရ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ တစ်နည်းအားဖြင့် တပ်မတော် ကို ဖိအားပေးမည့်အကြောင်း အရာနှင့် အဖွဲ့အစည်းမှန်သမျှနှင့်ပေါင်း၍ ပြည်တွင်းတွင် တပ်မတော် အင်အားချည့်နဲ့စေရေးနှင့် ပြည်ပ နိုင်ငံများ၏ ဩဇာခံ၍ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်ဂုဏ် သိက္ခာကျဆင်းပြီး ဖြိုခွဲခံရရေးကိုသာ ဦးတည်ခဲ့သည်မှာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားစေခဲ့ပြီဖြစ်သည်။
ရေလာမြောင်းပေး
ကျွံခဲ့သော လွန်ခဲ့သော စကားနှင့် ကတိကဝတ်များအတွက် မြန်မာနိုင်ငံနှင့် ပြည်သူလူထုက မြေစာပင် ဖြစ်ရသည့်တိုင် အနောက်နိုင်ငံများမှပေးအပ်သော အထောက်အပံ့မျိုးစုံတို့နှင့်အတူ ပါရှိလာသည့် ဩဇာနှင့် ထိန်းချုပ်မှုတို့မှ ရုန်းထွက်၍မရစကောင်း။ ယခုရက်ပိုင်းအတွင်း Special Advisory Council for Myanmar(SAC-M) ဆိုသည့်အဖွဲ့က မြန်မာနိုင်ငံ ၏ ကိုယ်စားပြုမှုနှင့် ဆက်နွှယ်ပြီး NUG အကြမ်းဖက် အဖွဲ့သည် မြန်မာနိုင်ငံ၌ Effective Control ရှိသဖြင့် ၎င်းကို ကုလသမဂ္ဂက အသိအမှတ်ပြုရေး ရေလာ မြောင်းပေး စာတမ်းဖြစ်သည်။ အကြောင်းမှာ နိုင်ငံ တစ်နိုင်ငံ၏ကိုယ်စားပြုမှုကို စဉ်းစားရာ၌ ယင်းနိုင်ငံ ကို ထိန်းချုပ်နိုင်စွမ်းရှိသည့်အစိုးရကို အသိအမှတ်ပြု ကြောင်း ပညာရပ်ပိုင်းဆိုင်ရာစာတမ်းများက ဆိုသည်။ သို့ဖြစ်ရာ SAC-M အမည်ရှိ အဖွဲ့က NUG အကြမ်းဖက်အဖွဲ့သည် Effective Control ရှိကြောင်း ဝါဒဖြန့်စာတမ်းထွက်ရှိလာခြင်းဖြစ်သည်။ စင်စစ် တွင် တစ်ခုတည်းသောမေးခွန်းကို ဖြေနိုင်လျှင်ပင် အဖြေသိပြီဖြစ်သည်။ ယင်းမှာ ၎င်းတို့က အစိုးရဟု ခေါ်သော NUG အကြမ်းဖက်အဖွဲ့သည် မည်သည့် နေရာတွင် အခြေစိုက်သလဲ ဟူသည့်မေးခွန်း၏ အဖြေပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံကို Effective control လုပ်နိုင် သည့်အစိုးရ မြို့တော်ကို ထိန်းချုပ်နိုင်သည့် အစိုးရ သည် တရားဝင် အစိုးရဖြစ်ကြောင်း တိုင်းတာသည့် သတ်မှတ်ချက်များဖြင့် တိုင်းတာပါက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်လုံးကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နေသည့် အစိုးရဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိပေ။ SAC-M ဆိုသည့် အဖွဲ့၏အဆိုအရ နိုင်ငံ့နေရာ အနှံ့အပြားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသဖြင့် အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိကြောင်း လိုရာဆွဲ ရေးသားနေခြင်းဖြစ်သည်။ NUG အကြမ်းဖက်အဖွဲ့ အနေဖြင့် ကုလသမဂ္ဂတွင်အသိအမှတ်ပြုခံရ ရေးအတွက် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများကျုးလွန်နေကြောင်း သက်သေပြသကဲ့သို့ဖြစ်ပြီး ယင်းအဖွဲ့၏ အတ္တကို လှစ်ဟပြရာရောက်ပေသည်။ လက်တွေ့မြေပြင်တွင် အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိခြင်း မဟုတ်သကဲ့သို့ နယ်မြေများလက်လွှတ်ရခြင်းမဟုတ်ဘဲ အကြမ်းဖက်သမားများက လက်နက်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားလုပ်ကြံ သတ်ဖြတ်သည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းသာဖြစ်သည်။ နယ်မြေလက်လွှတ်ရသည့် လက်နက်ကိုင်တိုက်ပွဲများမဟုတ်ဘဲ လက်နက်မဲ့ အပြစ်မဲ့ပြည်သူများကို လုပ်ကြံ သတ်ဖြတ်၍ အစိုးရကထိန်းချုပ်နိုင်စွမ်းမရှိကြောင်း လူပြိန်းကြိုက်သက်သေပြလိုသည့် လူစိတ်ကင်းမဲ့သူတစ်စု၏ အတ္တသာဖြစ်သည်။
လက်တွေ့၌ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ တစ်ရပ်၏တရားဝင်မှုဆိုသည်မှာ ကုလသမဂ္ဂက သော်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများကသော် လည်းကောင်း ပေးအပ်၍ရသည့် အရာမဟုတ်သကဲ့သို့ မည်သို့သောအစိုးရက တရားဝင်သည် ဆိုသည့်ပုံသေနည်းမှာ နိုင်ငံတကာဥပဒေတွင်လည်း မပါရှိချေ။ သို့ရာတွင် အများအားဖြင့် တိုင်းတာ သည်မှာ SAC-M ဆိုသည့်အဖွဲ့က ပြောကြားသည့် Effective Control အယူအဆဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ မည်သည့်နေရာ၌ရှိမှန်း မသိရသော လေလှိုင်းအစိုးရ NUG အကြမ်းဖက် အဖွဲ့တွင် Effective Control မည်သို့ရှိမည်ကို စာဖတ်သူများကိုယ်တိုင် အဖြေထုတ်နိုင်မည်ဖြစ် သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ အမှန်တကယ်ကိုယ်စားပြုမှုကို နယူးယောက်မြို့တွင် မျက်စိမှိတ်ငြင်းပယ်နိုင်သည့်တိုင် မြန်မာ့ မြေပြင်တွင်တော့ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ ထက်လျော့ပြီး ဆက်ဆံ၍မရကြောင်း မကြာသေးမီ က ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များက တရားဝင်ခန့်အပ်လွှာပေးခြင်းများက ပြသနေသည်။ စင်စစ်တွင် ကမ္ဘာဦးမှရှိခဲ့သော ကြီးနိုင် ငယ်ညှဉ်းဝါဒ(The law of the jungle)သည် ကုလသမဂ္ဂတွင် ကွယ်ဝှက်၍မရသော အရှိတရားဖြစ်သည်။ နိုင်ငံများ၏ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာ အာဏာနှင့် နိုင်ငံတိုင်း အရွယ်အစားကို ပမာမထားတန်းတူရည်တူရှိရေး စသော ကုလသမဂ္ဂ၏မူနှင့် တန်ဖိုးများသည် အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင် စသောနိုင်ငံများ၏ ဖြစ်စဉ်များနှင့်အတူ ကွယ်ပျောက်ခဲ့ပြီး ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ် ကပင် စစ်နိုင်နိုင်ငံများကပြဋ္ဌာန်းသော ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုယ်၌တွင် ဟာကွက်များဖြင့် အားကြီးသူအနိုင်ယူစတမ်း စီမံထားခဲ့ခြင်းဖြစ် သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၌ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စမှာ အစိုးရကို ဖိအားပေးသည့် နည်းလမ်းများအနက်မှတစ်ခုဖြစ်ပြီး နိုင်ငံတကာ က အသိအမှတ်မပြုခြင်းဆိုသည်ထက် နိုင်ငံကြီးများက နိုင်ငံငယ်များကို အနိုင်ကျင့်စိုးမိုးသော ဥပမာတစ်ခုဖြစ်ပါ သည်။ သို့သော် အနီးစပ်ဆုံးသော ဖြစ်စဉ်များအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် နိုင်ငံ၏အစိုးရအကြီးအကဲအဖြစ် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည့်အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ မစ္စတာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ကို ကမ္ဘာ့မီဒီယာစာမျက်နှာများထက်တွင် အထင်အရှားတွေ့ရမည်ဖြစ်သည်။
၎င်းအပြင် Uzbekisten နိုင်ငံ Samarkand မြို့၌ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)၏ (၂၂)ကြိမ်မြောက် နိုင်ငံ့အကြီးအကဲများကောင်စီ (Council of Heads of State) အစည်းအဝေးတွင် မြန်မာနိုင်ငံ အား ဆွေးနွေးဖက်နိုင်ငံ(Dialogue Par- tner)အဖြစ် ဝင်ရောက်ခွင့်ပြုရေး ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အထူးကိုယ်စားလှယ်မှ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်နေမှုများမှာ နိုင်ငံ၏ကိုယ်စားပြုမှုကို ထင်ရှားသည့် သက်သေများပင် ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူထားသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ တရားဝင်မှုမှာ ဥပဒေအရရော လက်တွေ့မြေပြင်မှာပင် အငြင်းပွားရန်မရှိဘဲ ဩဇာ ပေးချင်သူ နိုင်ငံတစ်စုနှင့် ဩဇာခံအကြမ်းဖက်အဖွဲ့ တို့က နိုင်ငံဂုဏ်သိက္ခာကျဆင်းစေရန် ကုလသမဂ္ဂ ကို အသုံးချမှုတစ်ရပ်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။