ဝါးခယ်မ ၇ ဩဂုတ်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၆ ရက် နံနက်က ရေလိန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်ပြီး ဝန်းထမ်းများက သစ္စာစီမံချက်ဖြင့် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လစ်လပ်နေမှုများအား ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၅ အုပ်စု၊ မဲရုံပေါင်း ၃၃၂ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၂၀၂၁၄ ဦး ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်စု ၈၁ အုပ်စု၊ အခြေခံပညာကျောင်းပေါင်း ၃၅ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများစုစုပေါင်း နှစ်သောင်းကျော်အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ပြောပြချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)