နေပြည်တော် ၁၅ အောက်တိုဘာ

အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများနှင့် COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုမရှိစေဘဲ ဘေးကင်းစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့သည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရေးဆွဲခဲ့ပြီးဖြစ်၍ လက်တွေ့သရုပ်ပြသခြင်းနှင့် သင်တန်းများပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပံ့ပိုးမှုနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အဆင်ပြေလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ မဲပေးသည့်အစီအစဉ် လက်တွေ့ သရုပ်ပြသခြင်းကို (၂) ကြိမ်ကြည့်ရှုခဲ့ရာတွင် မဲရုံသို့ မဝင်ရောက်မီ တန်းစီချိန်မှစ၍ ဝင်ရောက်ပြီး အဆင့်ဆင့်သော ဆန္ဒမဲပေးမှုများနှင့် မဲရုံမှ ပြန်လည်ထွက်ခွာသည်အထိ အဆင့်ဆင့်ကို အသေးစိတ် ကြည့်ရှုခဲ့ကာ လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါအချက်များကို မိမိတို့တိ ကျစွာလိုက်နာပြင်ဆင်ကာ ဆန္ဒမဲပေးရာတွင် ရောဂါကူးစက်မှု အလားအလာမရှိသလောက်နည်းပါးစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့လက်တွေ့သရုပ်ပြသခြင်း အစီအစဉ်များတွင် တွေ့ရှိခဲ့သော လိုအပ်ချက်များကို သေချာစွာ ဖြည့်ဆည်းဆောင်ရွက်ပြီးနောက် ကျန်းမာရေးရှုထောင့်မှ လစ်ဟာမှုမရှိစေရေးအတွက် ထပ်မံလုပ်ဆောင်ရန်ရှိပါက ဆွေးနွေးကြစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဤကိစ္စရပ်များကို နိုင်ငံ၏ အရေးကဲ့သို့ သဘောထားကာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူများနှင့် အပြန်အလှန်အသေးစိတ်ဆွေးနွေးပြီး လမ်းညွှန်ချက်များ ချမှတ်လျက်ရှိပါကြောင်း၊ ရေးဆွဲထားသည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများ ရှင်းလင်းပီပြင် တိကျစေရန်နှင့် လက်တွေ့မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နိုင်သည့် အချက်များကိုသာ မိမိတို့ ထည့်သွင်းရေးဆွဲထားပါကြောင်း။

ယနေ့ဆွေးနွေးရာတွင် လုပ်ငန်းများ ပိုမိုပီပြင်အဆင်ပြေစေရေး၊ မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်သူများနှင့် ဆန္ဒမဲပေးမည့် ပြည်သူများအတွက လိုအပ်မည့် ရောဂါကာကွယ်ရေးပစ္စည်းများ ဖြန့်ဖြူးမည့်နေရာသို့ အချိန်မီရောက်ရှိစေနိုင်ရေး၊ မဲရုံတစ်ရုံချင်းစီအတွက် လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ ကြိုတင်တွက်ချက်၍ ထောက်ပံ့ပို့ဆောင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ပံ့ပိုးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၏ လုပ်ငန်းတာဝန်များ ပိုမိုပီပြင်စေရေး ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ မရှင်းလင်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အား ပွင့်လင်းစွာတင်ပြ ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲပြုလုပ်သည့် နေ့ရက်တွင် သတ်မှတ်နေရာအမျိုးမျိုးတွင် အသွားအလာ ကန့်သတ်ခံထားရသူများနှင့် ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် မိမိမဲဆန္ဒပေးရမည့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၏ ပြင်ပတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြရမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကိစ္စရပ်များအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်းနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲချမှတ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ ထိုသို့ဆန္ဒမဲပေးနိုင်ရန်အတွက် လုပ်ဆောင်ရမည့်အချက်များကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံးကြိုတင်အသိပေး ဖြန့်ဝေမည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားခြင်းနှင့် ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်များထံ ဖြန့်ဝေထားသော Mobile Tablet (၃၀,၀၀၀) ခန့်တို့သို့ ဗဟိုမှနေ၍ အင်တာနက်မှတစ်ဆင့် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်အသီးသီးရှိ မဲရုံများမှ မဲရုံမှူးများ၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ဗဟိုအဆင့် တာဝန်ရှိသူများအကြား ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ရန်မှာ အထူးအရေးကြီးပါကြောင်း၊ မဲရုံများမှ မဲရုံမှူးများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများထံသို့ အပြန်အလှန် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်များ ကြိုတင်ပြုစုထားရှိခြင်းနှင့် ၎င်းတို့ထံသို့ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်နိုင်သည့် (hot line) ဖုန်းနံပါတ်များကို ဖြန့်ဝေထားရှိခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

အလားတူ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများထံသို့ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့် (hot line) ဖုန်းနံပါတ်များကို ဖြန့်ဝေထားရှိမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ပီပြင်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ခွဲဝေ သတ်မှတ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကဏ္ဍအလိုက် တာဝန်များကို သက်ဆိုင်ရာသို့ ကြိုတင်ဖြန့်ဝေထားရှိ စေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်  ပြည်သူ့ကျန်းမာရေးအခြေခံနိယာမ သဘောတရားများနှင့်အညီ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို မျှော်မှန်းတွက်ဆကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မဲရုံများတွင် တာဝန်ယူမည့် ကျန်းမာရေးဝန်ထမ်းများ လက်ရှိတွင် ပြင်ဆင်ထားရှိမှု၊ မဲရုံနေရာသတ်မှတ်ရန် ကွင်းဆင်းစစ်ဆေးထားရှိမှု အစီရင်ခံစာများရရှိမှု၊ လက်ရှိ မဲရုံအရေအတွက်၊ ရောဂါကာကွယ်ရေးပစ္စည်းများ ခွဲဝေဖြန့်ဖြူးမည့် အစီအစဉ် စသည့် အချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲရုံအရေအတွက်၊ ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားမှုနှင့် ကျန်းမာရေး ဝန်ထမ်းအင်အား ထပ်မံလိုအပ်မှု၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြပြီး၊ အသွားအလာ ကန့်သတ်ခံထားရသူများ၊ ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူနေရသူများနှင့် မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်နေကြရမည့် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတို့က (၂၀၂၀) ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Coronavirus Disease – 2019 (COVID-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နေမှု၊ လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲထားရှိမှုများ၊ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့မှု၊ မဲရုံများတွင် မဲရုံဝန်ထမ်းအဖွဲ့များ စီစဉ်ထားရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေး ဆောင်ရွက်နေမှုများ၊ မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် သတ်မှတ်ပုံစံဖြင့် လျောက်ထားရမည့် နည်းလမ်း၊ ကြိုတင်ဆန္ဒမဲပေးနိုင်သည့် နည်းလမ်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများ က အထွေထွေဆွေးနွေးခြင်းများနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်