ဇလွန် ၃ နိုဝင်ဘာ

 

ဟင်္သာတခရိုင်၊ ဇလွန်မြို့ အ.ထ.က(၁) ကျောင်းတွင်ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဇလွန်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့်  ဖျော်ဖြေရေးအစီအစဉ်များ အစီအစဉ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပွဲတော်ကျင်းပရေးကော်မတီနှင့် ကျောင်းသား၊ ကျောင်းသူများက ပူးပေါင်းလေ့ကျင့်လျက်ရှိသည်။

 

အဆိုပါကလေးစာပေပွဲတော်ကို အ.ထ.က(၁)ဇလွန်၌ နိုဝင်ဘာ ၄ ရက်၊  ၅ ရက်နေ့များတွင် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများ၊ ကာတွန်းပြပွဲနှင့် ပုံတူပန်းချီရေးဆွဲခြင်းများ၊ ပန်းချီပြိုင်ပွဲများ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများ၊ အရုပ်ဆက်ကစားနည်းများ၊ စကားပုံဆက်ကစားနည်းများ၊ Gameကစားနည်း များ၊  စာပေ ဟောပြောပွဲ၊ ကလေးစာဖတ်ခန်းနှင့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ဝေယံ-ကျော်ကျော်(ပြန်/ဆက်)