တပ်ကုန်း၊ ၁၈ ဇန်နဝါရီ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ ရောက်ရှိပြီး Quarantine ဝင်ရောက်နေသူများအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့် စောင့်ရှောက်ပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အတူ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ လိုက်ပါ ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် Quarantine Center သို့ ရောက်ရှိစဉ် Quarantine ဝင်ရောက်နေသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး Quarantine Center အတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Quarantine Center ကို ဇန်နဝါရီ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ Quarantine ဝင်ရောက်နေသူ ၄၀ ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်


