နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေးသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အရာထမ်း၊ အမှုထမ်းများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ တွေ့ဆုံပြီး အထက်အောက်ကွပ်ကဲမှု အနည်းဆုံးဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ ဌာန၏ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ခြင်းနှင့် ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးကို ဆောင်ရွက်ရသည့် အဖွဲ့ဖြစ်၍ စံပြအဖွဲ့အစည်းဖြစ်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များကို Review Process ဆောင်ရွက်ပြီး ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်၊ ဝန်ထမ်းကျင့်ဝတ်(၃၀)တို့ကို လိုက်နာရန်လိုအပ်သည့် အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်း ရန် ဖော်ပြထားသည့်အတွက် လိုက်နာရန်လိုအပ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ပြန်လည်သတင်းပို့သည့် စနစ်၊ အဆင့်ဆင့် တာဝန်ယူ၊ တာဝန်ခံသည့် စနစ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထက်အောက်ကွပ်ကဲမှု အနည်းဆုံးဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတကာစံနှုန်းများကို သိရှိအောင်လေ့လာပြီး မိမိနိုင်ငံ၊ မိမိဌာနနှင့် လိုက်လျော ညီထွေဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနအကြီးအမှူးများ အနေဖြင့် ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး၊ လုံခြုံရေး၊ ရုံးအဆောက်အဦလုံခြုံရေး၊ ဝန်ထမ်းအိမ်ရာ များ လုံခြုံရေးတို့ကိုလည်း ဂရုစိုက်ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးက မိမိတို့၏ ဂုဏ် သိက္ခာ၊ ဌာန၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ရန်နှင့် အခက်အခဲရှိပါက အဆင့်ဆင့် တင်ပြဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ထမ်းအဖွဲ့အစည်း အကြီး အမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)