မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာ၌ သလဲသီးကို အိမ်ခြံမြေများနှင့် ဥယျာဉ်ခြံမြေများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
သလဲသီးကို အစိုဓာတ်ကောင်းမွန်သော မိုးရာသီအချိန်တွင် အများဆုံးစိုက်ပျိုးကြ၍ စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ နွေရာသီတွင် ရေလောင်းပေါင်းသင်ခြင်း များ ပြုလုပ်ပေးပါက သလဲသီးများကို တစ်နှစ်ပတ်လုံး ဆူးဆွတ်ရရှိနိုင်ကြောင်း၊ သလဲသီးအနီမျိုးနှင့် သလဲသီးအဝါမျိုးများဟူ၍ရှိရာ သလဲသီးအနီမျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ ကိုင်းကူးပင်များကို ဝယ်ယူ၍ ပင်ခြားတန်းခြား ၁၅ ပေအကွာဖြင့် တစ်ဧကလျှင် သလဲသီးကိုင်းကူးပင် ၂၅၀ ခန့် ဝင်ဆံ့ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၇၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်နှစ်လျှင် သလဲပင် တစ်ပင်အတွက် ပျမ်းမျှအလုံးရေ ၅၀ ခန့်ထွက်ရှိပြီး တစ်ဧကအတွက် ပျမ်းမျှအလုံးရေ ၁၂၅၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချရကြောင်း၊ သလဲသီးသည် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ် များရရှိကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သလဲသီး စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)