မင်းလှ ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပဲစင်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့်နှမ်း စသည့် သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးသီးနှံကို ၁၃ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ပဲကြီးသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး လေးလခန့်အကြာတွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ ပဲကြီးကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုး ၁၀ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစုများနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပဲကြီး ၁၁-၁၂ တင်းခန့် ထွက်ရှိပြီး ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ၆၀၀၀၀၀ ခန့် အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲကြီးသီးနှံများကို မင်းလှမြို့ပေါ်ရှိ ပွဲရုံများနှင့် ပဲကြော်ဖိုလုပ်ငန်းများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ဒီဇင်ဘာလ ဒုတိယပတ်တွင် ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းနှင့် ယခုအချိန်တွင် ပဲကြီးသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
DOCA (မကွေး)