မကွေး ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးနှံကို ပန်းတော်ပြင် ကျေးရွာတွင် ဥယျာဉ်ခြံမြေများနှင့် ယာမြေများ၌ စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။
မျိုးအနေဖြင့် ကီလိုမာလကာ ကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာရရှိသည့် ဇွန်လ နှင့် ဇူလိုင်လတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မြေအောက်ရေကိုအသုံးပြု၍လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ ပေ၊ တန်းခြား ၁၂ ပေ အကွာအဝေးဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ခန့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် အသီးများကို စတင်ခူးဆွတ် ရောင်းချနိုင်ပြီး တစ်နှစ်လျှင် လေးကြိမ်ခူးဆွတ်ရကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှု၊ အပင် သက်တမ်းတို့အပေါ် မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင် တစ်ပင်အတွက် ပျမ်းမျှအလုံးရေ ၃၀-၄၀ ထွက်ရှိရာ တစ်နှစ်လျှင် တစ်ဧက ပျမ်းမျှအလုံးရေ ၃၆၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် သရက် - မင်းလှ ကားလမ်းဘေးရှိ သစ်သီးဆိုင်များနှင့်မင်းလှမြို့ ဇေယျာသီရိ ဈေးသို့ ရောင်းချရကြောင်း ကီလိုမာလကာစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ် - စီးပွား/ကူးသန်း