အထက်မင်းလှ ဇန်နဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်အတွင်းရှိ ရွာတော်၊ မန်းသံပုရာကန်၊ ညောင်ပင်သာ၊ ဥယျာဉ်၊ ပန်းတော်ပြင်၊ ဇီးတော၊ မယ်ဇလီတော၊ ရွာသစ်၊ ဘွဲ့၊ ကုန်ကြီး၊ ဂျင်ရဲမြောင်(စံပြ) စသည့် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဇီးတောကျေးရွာတွင် ကုလားပဲသီးနှံ ဧက ၃၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ကုလားပဲသီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲ(မြကြေး) မျိုးကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ကုလားပဲ ၁၀-၁၂ တင်း ခန့်ထွက်ရှိကြောင်း သိရသည်။

 

ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့တို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ဒေသတွင်းရှိ ပဲကြော်၊ ပဲလှော်၊ မုန့် လုပ်ငန်းရှင်များက ဝယ်ယူမှုရှိသည့်အပြင် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ကြောင်း၊ ယခုအချိန်တွင် ကုလားပဲစိုက်ခင်းများမှာ စိမ်းလန်းစိုပြည် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံအထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အမြတ်ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

 

DOCA (မကွေး)