မတ္တရာ ၂၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အထက (မတ္တရာ)တွင် တာဝန် ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)ပြည့် ပင်စင်စား ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသားဟောင်း တပည့်များမှ ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၁၀နာရီ က အထက(မတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
နံနက် ၇နာရီမှစတင်၍ ကျောင်းသားကျောင်းသူဟောင်းများမှ စာသင်နှစ်များအလိုက် စုပေါင်း၍ တက်ရောက်လာသူ အပေါင်းတို့အား စတုဒီသာများ ကျွေးမွေးခြင်းပြီး တေးသီချင်းများဖြင့် သီဆို ဧည့်ခံခဲ့ကြသည်။ ထို့နောက် အခမ်းအနားကိုကျင်းပရာ ဆရာကြီး ဆရာမကြီးတို့အား ကန်တော့ချိုးဖြင့် ကန်တော့ကြသည်။ ဆက်လက်၍ ကန်တော့ခံဆရာကြီး ဆရာမကြီးများအား ကန်တော့ငွေများဖြင့် ပူဇော်ခြင်း၊ တပည့်ဟောင်းများမှ သီးခြားကန်တော့ငွေ၊ ကန်တော့ပစ္စည်းများ၊ ဘုရားဆင်းတုတော်များ လှူဒါန်းခဲ့ကြသည်။ထို့နောက် ဆရာကြီး ဆရာမကြီးမှ ဆုများချီးမြှင့်ခဲ့ပြီး၊ ဆုံးမသြဝါဒ စကား ပြောကြားခဲ့သည်။ထို့နောက် အာစရိပူဇော်ပွဲ ကျင်းပရေးကော်မတီ ဉက္ကဋ္ဌနှင့် တပည့်ဟောင်း ကျောင်းသားတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။အခမ်းအနားအပြီးတွင် ဆရာကြီး၊ ဆရာမကြီးများမှ တပည့်ဟောင်းများအား ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြသည်။ ထို့နောက် ဆရာကြီး/ ဆရာမကြီးနှင့် တပည့်ဟောင်းများအား နံနက်စာ ထမင်း၊ အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ယခုနှစ် အာစရိယပူဇော်ပွဲတွင် အသက် (၇၀) နှစ်နှင့် အထက်ဆရာကြီး၊ ဆရာမကြီး ၆၈ ဦးအား တစ်ဦးလျှင် ၁၇၅၀ဝ၀ ကျပ်နှုန်း၊ အသက် (၇၀) နှစ်အောက် ဆရာကြီး၊ ဆရာမကြီး (၁၁၃) ဦးအား တစ်ဦးလျှင် (၁၄၅၀ဝ၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၈၂၈၅၀ဝ၀) ကျပ်အား ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သိရှိသည်။
စိုးကျော်သူထွေး(မတ္တရာ)


