မယ်စဲ့ ၁၀ ဇန်နဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အထက(မယ်စဲ့)၏ ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က အထက(မယ်စဲ့)၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အထက(မယ်စဲ့)မှ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာ တိုးတက်မှသည် ပညာရေးစုံညီပွဲတော်ဆီ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အေးခန့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲမြင့်က လမ်းညွှန်အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမော်က ကျောင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အတန်းအလိုက် ပညာရည်ချွန် ဆုရရှိသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စာပေဆုရရှိသူများ၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် အထက(မယ်စဲ့)မှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကများ၊ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


