မန္တလေး ၁၈ ဖေဖော်ဝါရီ
မန္တလေး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ကျွန်းပဲပုတ်စိုက်ပျိုးကြသည့် ကျေးရွာများတွင် ယခုနှစ် ကျွန်းပဲပုတ် ပေါ်ချိန်တွင် ပြီးခဲ့သောနှစ်ကထက် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် တွက်ခြေမကိုက် ဖြစ်နေကြောင်း ထနောင်းကုန်းကျေးရွာရှိ ကျွန်းပဲပုတ်စိုက် တောင်သူများထံမှ သိရသည်။
“ အရင်နှစ်တွေက တစ်ဧကကို ကျွန်းပဲပုတ် တင်း ၂၀ လောက် ထွက်တယ်။ ဒီနှစ်ကျ တစ်ဧကကို ၁၅ တင်း လောက်ပဲ ရတော့တယ်။ နှစ်တိုင်း ရွာထဲကို ရေက ၂ ခါလောက်ဝင်တာ။ ဒီနှစ်ကျ ပထမရေ ဝင်တော့ ပုံမှန်အတိုင်း နောက်ရေလာမှာဆိုပြီး ပျိုးမကြဲဘဲ နောက်ရေကို စောင့်တာ။ ရေမလာတော့ ထွန်စက်နဲ့ ခုတ်ပြီး ပျိုးကြဲရတော့ မြေဟာပြီး အပင်တချို့က ခြောက်ပြီးသေကုန်ကြတယ်။ အထွက်နှုန်း တွေလည်း ကျသွားတယ်။ ဈေးကလည်း ပြာသိုလ်လကုန်လောက်က ၃ တင်း တစ်အိတ်ကို ၆ သောင်းဖြစ်သွားရာက အခုဆို ဈေးက ၅ သောင်း ၁ ထောင်ထိ ကျသွားတော့ တောင်သူတွေ အဆင်မပြေဘူး ” ဟု ငါန်းဇွန်မြို့နယ်၊ ထနောင်းကုန်းကျေးရွာရှိ ကျွန်းပဲပုတ်စိုက် တောင်သူ ဦးအောင်လွင်က ပြောသည်။
ကျွန်းပဲပုတ်ကို ငါန်းဇွန်မြို့နယ်ရှိ ထနောင်းကုန်းကျေးရွာ၊ မရိုးကုန်းကျေးရွာ၊ ရေဆင်းကျေးရွာနှင့် ကံသာ ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ အများအားဖြင့် သီတင်းကျွတ်လတွင် ပျိုးကြဲကြပြီး တစ်ရာသီလျှင် တစ်သီးသာ စိုက်ပျိုးကြကြောင်း၊ ထွက်ရှိသော ကျွန်းပဲပုတ်များကို မန္တလေးသို့ အဓိက တင်ပို့ရောင်းချ ရကြောင်းနှင့် ယခု ကျွန်းပဲပုတ်ဈေးများ ကျဆင်းနေသဖြင့် ကျွန်းပဲပုတ်နှင့်အတူ မြန်မာကြက်ဆူသီးများဖြင့် ရောကာ စိုက်ပျိုးနေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ ပဲပုတ်စေ့တွေက ပြည်တွင်းဈေးကွက်ပဲ ရှိတယ်။ ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့အတွက်က မြန်မာပြည်က ပဲပုတ်တွေက အဓိကကတော့ အမေရိကန်တို့ ဘရာဇီးတို့က ထွက်တဲ့ ပဲပုတ်တွေကို မမီဘူးလို့ ပြောကြတယ်။ အရည်သွေးပိုင်းက အဓိကပါပဲ။ ဒီနိုင်ငံမှာက သူတို့နိုင်ငံတွေမှာ သတ်မှတ်ထား တဲ့ Certificate တွေ မရှိဘူးလို့ ပြောကြတယ် ” ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမျိုးဆွေက ပြောသည်။
ပဲပုတ်စေ့တွင် ရှမ်းပဲပုတ်နှင့် ကျွန်းပဲပုတ်ဟူ၍ အမျိုးအစား နှစ်မျိုးရှိပြီး ရှမ်းပဲပုတ် ၃ တင်းဝင် တစ်အိတ်လျှင် ၅ သောင်း ၃ ထောင်မှ ၅သောင်း ၇ထောင်ကျပ် ဖြင့် ရောင်းချကာ ကျွန်းပဲပုတ် ၃ တင်းဝင် တစ်အိတ်လျှင် ၅ သောင်းမှ ၅ သောင်း ၁ ထောင်ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပဲပုတ်စေ့ ဈေးနှုန်း ၅ သောင်း ၇ ထောင်တန်းစားကို ပဲပြား၊ ပဲနို့ ထုတ်လုပ်သူများက ဝယ်ယူကြကြောင်း၊ ပဲပုတ်စေ့ ဈေးနှုန်း ၅ သောင်း ၃ ထောင်နှင့် အောက်တန်းစားများကို ဆီစက်များနှင့် တခြား ပုဇွန်စာ ပြုလုပ်သူများက ဝယ်ယူကြကြောင်းနှင့် မန္တလေးကုန်စည်ဒိုင်တွင် ပဲပုတ်စေ့အထွက်များသော ကာလများ၌ တစ်ရက်လျှင် ပိုင်း ၃ ထောင်မှ ပိုင်း ၄ ထောင်ထိ ရောင်းရကြောင်း သိရသည် ။
တင်ဇာလှိုင်


