အထွက်တိုးပြောင်း(နှံစားပြောင်းအနီ)များ ဝယ်လိုအား ကောင်းမွန်မှုကြောင့် ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာ

မန္တလေး  ၃    နိုဝင်ဘာ

 

ယခု ရာသီတွင် လှိုင်လှိုင်ထွက်ရှိလာသည့် အထွက်တိုးပြောင်း (နှံစားပြောင်းအနီ)များမှာ ဈေးကွက်တွင် တရုတ်နိုင်ငံမှ ဝယ်လိုအားကြောင့် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း မန္တလေးဈေးကွက်မှ သိရသည်။

 

အဆိုပါနှံစားပြောင်းများမှာ သီတင်းကျွတ် ရာသီကာလမှ စတင်ထွက်ရှိလာပြီး အဖွင့်ဈေးမှာ သုံးတင်းဝင် တစ်အိတ်လျှင် နှစ်သောင်းရှစ်ထောင်နှုန်းဖြင့် စတင်ခဲ့ပြီး ယခု တန်ဆောင်မုန်းကာလတွင် ဈေးကွက်သို့ နေ့စဉ် လှိုင်လှိုင် ဝင်ရောက်လာသော်လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ဝယ်လိုအားကောင်းမွန်မှုကြောင့် တရိပ်ရိပ်မြင့်တက်လာကာ ယခု နိုဝင်ဘာ ၃ ရက်နေ့တွင် သုံးသောင်းတစ်ထောင်နှုန်းအထိ ရောက်ရှိလာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

1

 

ဒီနှံစားပြောင်းအနီက အထွက်နှုန်းကလည်း သင့်တင့်တယ်။ ဝယ်လိုအားကလည်း ကောင်းနေတဲ့အတွက် လှိုင်လှိုင်ပေါ်ချိန်မှာတောင် ဈေးမကျဘဲ ဆက်တိုက် မြင့်တက်လာတယ်။ မနှစ်က ဒီလိုအချိန်မှာ သုံးတင်းဝင်တစ်အိတ်ကို နှစ်သောင်းရှစ်ထောင်နှုန်းပဲ ရှိခဲ့တယ်။ တရုတ်နိုင်ငံက ဆောင်ဦးပေါက်ကာလမှာ ဒီပြောင်းနဲ့ ချက်တဲ့အရက်ကို သောက်သုံးမှု ပိုများလာတယ်။ ဒီနှံစားပြောင်းက ရိုးရိုးဖူးစားပြောင်းနဲ့ ချက်တဲ့ အရက်ထက် ကျန်းမာရေးအရ ပိုပြီးကောင်းမွန်တယ်။ ဒါကြောင့် သုံးတင်းဝင်တစ်အိတ်ကို နှစ်သောင်းတစ်ထောင်နှုန်းပဲရှိတဲ့ ရိုးရိုးဖူးစားပြောင်းအစား ဈေးကြီးတဲ့ ဒီနှံစားပြောင်းအနီကို ရသလောက် ဝယ်ယူနေကြတယ်။ ဒါအပြင် ပြည်တွင်းမှာလည်း မိုးမိတ်၊ မိုးကုတ်ဒေသတွေမှာ နေထိုင်ကြတဲ့ လီရှောတိုင်းရင်းသားတွေကလည်း ဒီပြောင်းနဲ့ ချက်တဲ့အရက်ကို ကျောက်တူးသမားတိုင်း မဖြစ်မနေ ကျန်းမာရေးအတွက် သောက်သုံးကြတယ်။ ဒါကြောင့် ဒီသီးနှံက ပြည်တွင်းပြည်ပ ဝယ်လက်စုံတဲ့အတွက် ဈေးကောင်းလာတာ ဖြစ်ပါတယ် ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ယခုနှစ်တွင် မြင်းခြံဒေသ၌ အဆိုပါနှံစားပြောင်းအနီကို ဖရဲသီးနှံကဲ့သို့ တရုတ်နိုင်ငံမှ မျိုးစေ့ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ သော်လည်း ရေ၊ မြေ ကွာခြားမှုကြောင့် မူရင်းအနီရောင်သို့ မရောက်ရှိဘဲ အရောင်ကွာခြားသဖြင့် ၎င်းတို့ ကိုယ်တိုင်ပင် မန္တလေး ဈေးကွက်၌ ဝယ်ယူခြင်းမရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါနှံစားပြောင်းကို မြန်မာပြည်အလယ်ပိုင်း ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ မြစ်သား၊ မြင်းခြံ၊ မုံရွာနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးထွက်ရှိပြီး ၎င်းသီးနှံမှာ ပြည်ပဝယ်လက် အခိုင်အမာရှိသော သီးနှံ ဖြစ်သည့်အပြင် စိုက်ပျိုးစရိတ်လည်း နည်းပါးသည့်အတွက် ယခုထက်ပိုမိုစိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)