ရန်ကုန် ၁၆ သြဂုတ်
အထက်တန်းစားရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၂ ရက်တွင် တစ်နိုင်ငံလုံးတွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ယမန်နေ့ညက ရန်ကုန်မြို့ Junction City JCGV ရုပ်ရှင်ရုံတွင် ပြသသည့် အထူးပြပွဲမှ သိရသည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ရွှန်းရမီမိုး၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အကယ်ဒမီနေတိုး၊ မြတ်ကေသီအောင်၊ ဇော်ဝင်းနိုင် (မန်း)၊ ဦးပေါ်လေး၊ စိုးမိုးကြည်၊ ပိုးအိအိခန့်၊ ညီထွဋ်ခေါင်၊ သူရိယ၊ ကောင်းဆက်ထူး၊ ဝေယံကျော်နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ဖန်တီးထားပြီး Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။
ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ အကယ်ဒမီနေတိုးက“ လူတစ်ယောက်က ဘယ်လို အလုပ်ပဲ လုပ်နေလုပ်နေတကယ်ကို သီလသမာဓိရှိပြီးတော့ စိတ်ထားဖြူစင်တယ်ဆိုရင် အထက်တန်းစားဆိုတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောပါ၊ လူနေမှုစနစ်နဲ့ အဆင့်အတန်းကို သတ်မှတ်ထားတဲ့ ဇာတ်လမ်းမျိုးမဟုတ်ပါဘူး၊ စိတ်ဓာတ်အဆင့်အတန်းနဲ့အညီ အထက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မီးမောင်းထိုးပြထားတာပါ” ဟုပြောသည်။
“လူတစ်ယောက်ဟာ ဘယ်လိုအနေအထားက မွေးဖွားလာလာ၊ သူ့ဘဝမှာကောင်းတာ ဆိုးတာဟာ သူ့အပေါ်မှာပဲ မူတည်နေတယ်၊ ကိုယ်ကျင့်တရားကောင်းမယ်၊ စိတ်ဓာတ်ဖြူစင်မယ်၊ ငါးပါးသီလလုံမယ်၊ သူ့ကိုယ်သူ အကောင်းဆုံးနေသွားမယ်ဆိုရင် လူတစ်ယောက်ဟာ အထက်တန်းစားပဲ၊ လူတစ်ယောက်က ပညာတတ်ဖို့၊ ငွေရှိဖို့ထက် လူကောင်းဖြစ်ဖို့ အရေးကြီးတယ်၊ ပိုက်ဆံရှိလည်း မကောင်းတဲ့သူဆိုရင် အထက်တန်းစားလူ မဟုတ်ပါဘူး” ဟု ဇာတ်လမ်း ရွှန်းရမီမိုးက ပြောသည်။
သန့်ဇင်ဝင်း