ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများမှာ အတားအဆီးများကြောင့် အထမမြောက် နိုင်သေးဘဲ ရှိနေရသည်။ အဓိကအတားအဆီးမှာ မိမိသဘောဆန္ဒအလျောက် ပြန်လိုသူများကို အကြမ်းဖက်သမားများ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများဖြစ်ပြီး အခြားသော အကြောင်းတရားများလည်း ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် တစ်ဖက်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း တည်ရှိနေသော ယာယီခိုလှုံရေး စခန်းများမှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေး မစတင်နိုင်ခြင်းကို မြန်မာနိုင်ငံ၏ ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟုဆိုကာ မြန်မာအစိုးရကို ဖိအားပေး ရေးဟူသော နိုင်ငံရေးအာဂျင်ဒါကို အကောင်အထည်ဖော်ရေးဆီသို့သာ အစီအစဉ်ရှိရှိ ပြန်လည်ဆော်ဩ ခဲ့ကြပြန်သည်။

နေရပ်စွန့်ခွာသူများ နေထိုင်ကြသည့် ယာယီခိုလှုံရေး စခန်းများအနီးတွင် ဘတ်စ်ကားများနှင့် ထရပ်ကားများ သွားရောက် ရပ်တန့်ပေးထားခဲ့သော်လည်း ပြန်လိုသူတစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့ကြောင်း သတင်းအချို့က ဆိုခဲ့သည်။ ပြန်လည် လွှဲပြောင်းရေးလုပ်ငန်း စတင်ရန် နှစ်နိုင်ငံသဘောတူသတ်မှတ်ခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့မတိုင်မီကပင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် နေရပ်စွန့်ခွာသူများက နေရပ်ပြန်ရန် လှိုက်လှိုက် လှဲလှဲမရှိကြောင်း ဖော်ပြခဲ့ရာ မြန်မာနိုင်ငံဘက်မှ မည်သို့ပင် ပြင်ဆင်ထားစေကာမူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ စာချုပ်ပါ လုပ်ငန်းစဉ်များအတိုင်း အကောင်အထည် ပေါ်လာရေးကို မျှော်လင့်ရန်ခက်ခဲဦးမည် ဖြစ်သည်။

နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးတို့သည် မြန်မာနိုင်ငံက ငြင်းဆိုနေသော အကြောင်းအရာများ မဟုတ်သည်မှာ ရှင်းလင်းနေသည့် အချက်များ ဖြစ်သည်။ နေရပ်ကို အမှန်တကယ် စွန့်ခွာသွားသူများ၊ ရခိုင်ပြည်နယ်တွင် အမှန်တကယ် နေထိုင်သူများ ဖြစ်မဖြစ်ကို စိစစ်ပြီး မှန်ကန်သူများကို ပြန်လည်လက်ခံ သွားမည်ဆိုသည်မှာ ကျိုးကြောင်းသင့် မှန်ကန်သည်သာ ဖြစ်သည်။ ထို့အပြင် ဥပဒေနှင့် ကိုက်ညီသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု သွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က အကြိမ်ပေါင်းများစွာ၊ နေရာပေါင်းများစွာတို့တွင် ရှင်းလင်း ပြောကြားထားပြီးလည်း ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ရှိနေသော တည်ဆဲဥပဒေများကို ကျော်လွန်၍ မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရကမှ ဆောင်ရွက်မည်မဟုတ်ရာ နိုင်ငံတကာမှ ဖိအားပေးရန် တောင်းဆိုနေမှုများ၊ ဆော်ဩနေမှုများက ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် ရုန်းကန်ကြိုးပမ်းတည်ဆောက်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံကို အဟန့်အတား၊ အနှောင့်အယှက်ပေးခြင်း၊ အကျပ်အတည်း ဆိုက်အောင် ပြုမူခြင်းသက်သက်ထက် ပိုမည်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ပြည်ပမှ ခိုးဝင် နေထိုင်သူများကို စိစစ်ရန်အတွက် နိုင်ငံသားမှတ်ပုံတင်စာရင်း ထုတ်ပြန်ခဲ့ရာ လူပေါင်း နှစ်သန်းခန့် တရားမဝင်ကြောင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် မျိုးဆက်နှင့်ချီ၍ ဝင်ရောက်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး ဆယ်စုနှစ်များစွာကပင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ ခွဲထွက်ပြီး အရှေ့ပါကစ္စတန်မှသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ထူထောင်ရာတွင် စစ်ပွဲများကြောင့် အာသံပြည်နယ်ထဲသို့ ထွက်ပြေးဝင်ရောက်လာသူများကို အိန္ဒိယနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်မပြု ခြင်းဖြစ်ကြောင်း ကိုလည်း သတင်းများအရ သိရသည်။ မြန်မာနိုင်ငံ၏ ဖြစ်ရပ်နှင့် နှိုင်းယှဉ် စဉ်းစားဖွယ်ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် အတားအဆီးများရှိနေရာ ယင်းအတား အဆီးများသည် တစ်ဖက်နိုင်ငံ ယာယီခိုလှုံရေး စခန်းများအတွင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြန်လည် ဝင်ရောက်လိုသည့် ၎င်းတို့၏ဆန္ဒကို ရှင်းလင်းစွာ ဖော်ပြပြီးသည့် ဟိန္ဒူဘာသာဝင် နေရပ်စွန့်ခွာသူ ၄၄၄ ဦးတို့ကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင် ပေးနိုင်ပါစေကြောင်း။    ။
(မြန်မာ့အလင်း)