နေပြည်တော် ဇန်နဝါရီ ၁၁
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် ဦးတည်ချက်ချမှတ်ထားပါကြောင်း၊ အဆိုပါဦးတည်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အထူးစီးပွားရေးဇုန်အလိုက် SOP များကို စနစ်တကျရေးဆွဲပြီး လက်တွေ့ကျကျလုပ်ကိုင်နိုင်ရန် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ ၂၀၁၄ ကို ထုတ်ပြန်ပြီး One Stop Service များနှင့် စီမံဆောင်ရွက်ရန်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုအသစ်များဖိတ်ခေါ်
ထိုသို့ ဆောင်ရွက်ရာတွင် ဇုန်များတွင် ရှိပြီးသားဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျမသွားအောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ တစ်ဖက်ကလည်း ရင်းနှီမြှုပ်နှံမှုအသစ်များ ထပ်မံဝင်ရောက်လာနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများကလည်း ယင်းနှင့်ဆက်နွှယ်ပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များကို ယခုထက်ပိုမိုကောင်းမွန်အောင် ဦးဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများအလိုက် ဖွဲ့စည်းပေးထားသည်များရှိပါကြောင်း၊ ယင်းအပေါ်တွင်လည်း စီမံခန့်ခွဲရေးကော်မတီများက မိမိတို့ဇုန်အလိုက် အထူးစီးပွားရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ယခုထက်ပို၍ ထိထိရောက်ရောက်ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများနှင့် အသစ်ရင်းနှီးမြှုပ်နှံမှုများ လျော့ကျမသွားအောင်နည်းမျိုးစုံဖြင့် ထိန်းသိမ်းပြီး တိကျသေချာစနစ်ကျ သည့်လုပ်ငန်းအဖြစ် ယင်းတွင်ရှိသည့် လုပ်ငန်းများ ကို One Stop Service ဆောင်ရွက်ပေးမှုအပေါ် မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် စီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအနေဖြင့် အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်စွာဖြင့် ချီတက်နေပါကြောင်း၊ အောင်မြင်စွာ ချီတက်နေသည့်နေရာတွင်လည်း မိမိနိုင်ငံအတွင်းတွင်ရှိသည့် အနေအထားကို ပြောရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပါက မိမိတို့အထူးစီးပွားရေးဇုန်များ၏ အရေအတွက်မှာ အင်မတန်နည်းနေပါကြောင်း၊ ယင်းကိစ္စကိုလည်း ကော်မတီအဖွဲ့ဝင်များအားလုံးက မှတ်သားထားပြီး ယခုထက်အထူးစီးပွားရေးဇုန်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်နှစ်ခုကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် လုပ်ငန်းများကို မြန်မာနိုင်ငံ၏ အတိုင်းအတာအရဆောင်ရွက်နိုင်သည့်အတွက် အောင်မြင့်သင့်သမျှ အောင်မြင်ပါကြောင်း၊ အထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်မှု အစီအစဉ်စနစ်ကျနမှု၊ ဝန်ထမ်းများ၏ One Stop Service အရည်အသွေး ကောင်းမွန်မှုနှင့် တာဝန်ကျေပွန်စွာထမ်းဆောင်မှုတို့ကြောင့် အရှေ့တောင်အာရှအတွင်း နာမည်ရသည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်ပါကြောင်း။
ယင်းစီးပွားရေးဇုန်ကိုလည်း လက်ရှိရင်းနှီးမြှုပ်နှံမှုရှိပြီးသားထဲမှ လျော့ကျမသွားအောင် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်အောင် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း၊ ဖိတ်ခေါ်ရာတွင်လည်း တစ်ဖက်မှာရှိသည့် အောင်မြင်မှုအတိုင်းအတာ အပေါ်မူတည်၍ အောင်မြင်မှုရှိပြီး လုပ်သာကိုင်သာရှိမှသာ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ရှိမည်ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှု နိုင်ငံပေါင်း ၂၁ နိုင်ငံ၊ ကုမ္ပဏီပေါင်း ၁၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံရှိပါကြောင်း၊ ယင်းကုမ္ပဏီများ၏ ပထမတစ်နှစ်တာ အလုပ်အကိုင်ဖန်တီးနိုင်မှုခန့်မှန်းခြေ အလုပ်သမားဦးရေ ၃၇၀၀၀ ကျော်နှင့် ပြည်ပပညာရှင်၊ ပြည်ပအလုပ်သမား ၈၈၇ ဦး ဖြစ်ပါကြောင်း၊ သို့သော်လည်း အလုပ်အကိုင်ဖန်တီးနိုင်မှုအရေအတွက် နည်းနေပါကြောင်း၊ တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှုများ အသစ်ထပ်မံတိုးပွားလာမှုအပေါ်မူတည်ပြီး ပညာရှင်များနှင့် အလုပ်သမားများ အလုပ်အကိုင်ရရှိရေး ပိုမိုရရှိလာမည်ဖြစ်ကြောင်း။
ထုတ်ကုန်အရည်အသွေးကောင်းအောင် လုပ်ဆောင်
သီလဝါအထူးစီးပွားရေးဇုန်၏ ပို့ကုန်၊ သွင်းကုန်ကိုကြည့်ပါက နိုဝင်ဘာလအတွင်း ပြည်ပသို့တင်ပို့သည့် ကုန်စည်အမျိုးအစားများသည် အဝတ်အထည်၊ ဆော်လမွန်ငါး၊ သန့်စင်ပြီး သတ္တုပစ္စည်းများ၊ ပလတ်စတစ်ကုန်ချောစစ်ပစ္စည်းနှင့် မော်တော်ယဉ်အပိုပစ္စည်း ငါးမျိုးတို့ဖြစ်ကြောင်း၊ သွင်းသည့်ကုန်စည်များသည် ပြည်တွင်းတွင်သုံးသည့် လယ်ထွန်စက် အပိုကုန်ပစ္စည်းများ၊ အခြားကုန်ကြမ်းပစ္စည်းများ၊ အဝတ်အထည်ချုပ်ကုန်ပစ္စည်းများ၊ အလူမီနီယံ ကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်ပစ္စည်းဖြစ် သည်ကို တွေ့ရကြောင်း၊ ယင်းထဲတွင်ဗဟိုကော်မတီမှ လမ်းညွှန်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်ကိုလည်း ပြည်တွင်းမှာရှိသည့် MSME လုပ်ငန်းများက ပေါင်းစပ်ပြီး ထုတ်ကုန်များကို ပြည်ပသို့တင်သွင်းရာတွင် နိုဝင်ဘာလအတွင်းတွင် MSME လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းနှင့် ပြည်တွင်းထုတ်ကုန်များ၏ အခြားသောပစ္စည်းများ တင်သွင်းမှုသည် မြန်မာကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယင်းသည် ခြေလှမ်းအစဖြစ်ပြီး ယခုထက်ပို၍ MSME လုပ်ငန်းကထွက်ရှိသည့် ပြည်တွင်းထုတ်ကုန်ကုန်ကြမ်းများနှင့် အခြားသောပစ္စည်းများကို ယခုထက်တင်ပို့နိုင်ရန်နှင့် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေရရှိရန် မိမိတို့၏ ထုတ်ကုန်အရည်အသွေး ပိုမိုပြီးကောင်းအောင် ဆက်လက်လုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်း။
ဇုန်အလိုက် ကြည့်မည်ဆိုပါက Free Zone တွင် နိုဝင်ဘာလအထိ ကုမ္ပဏီ ၂၅ ခုရှိပြီး Promotion Zone တွင် ကုမ္ပဏီ ၃၈ ခု ရှိပါကြောင်း၊ ယင်းတို့မှ တင်သွင်းသည့်တန်ဖိုးပမာဏမှာ ကျပ်သန်းပေါင်း ၈၉ ဘီလီယံကျော်ရှိပြီး အကောက်အခွန်ရရှိသည့် ငွေမှာလည်း ၆၀၆ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းအခွန်ဝင်ငွေမှာ ၁ ဒသမ ၈ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန်က ကျပ်သန်းပေါင်း ၇၅၇ သန်းရှိပါကြောင်း၊ အားလုံးကို ခြုံကြည့်ပါက နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၆၇ သန်းဖြစ်သည့်အတွက် ကုန်သွယ်မှုပမာဏနှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၅၁၇ သန်းဖြစ်ပါကြောင်း၊ ယင်းကိုကြည့်ပါက ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာဟချက်များနေသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် Promotion Zone တွင် ရှိနေသည့် ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ပါဝင်သည်များနှင့် မလွတ်အောင် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပါက အတတ်နိုင်ဆုံးပြည်တွင်းတွင် နိုင်ငံခြားသုံးငွေကို လျော့နည်းသွားအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
လျှပ်စစ်ကိစ္စနှင့်ပတ်သက်၍ ဆိုလာစနစ်ဖြင့် အသုံးပြုရန်ကုမ္ပဏီသုံးခု ဆွေးနွေးခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ဆိုလာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့သည်ကို သိရှိရကြောင်း၊ Solar Power နှင့် Solar Plant တို့မှ လျှပ်စစ်ဓာတ်အား ရရှိပါကလည်း ဇုန်အတွင်းမူလသုံးစွဲရမည့် လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင်မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာလျှပ်စစ်မီးရရှိရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ပေးကြရန်လိုကြောင်း။
ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်း
ဆက်လက်၍ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၁ ခုနှစ် မိမိတို့အစိုးရ တာဝန်ယူခဲ့သည့်အချိန်တွင် စီမံခန့်ခွဲမှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဖွဲ့စည်းပြီးသည့်အခါတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်များဖြစ်အောင်၊ မဖြစ်သင့်မဖြစ်ထိုက်သည်များမဖြစ်အောင်၊ နိုင်ငံအတွက် နစ်နာမှုမရှိအောင်ရည်ရွယ်ပြီး စိစစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် ညှိနှိုင်းမည့် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတော်အကျိုးစီးပွားကို အဓိကထားပြီး တင်းကျပ်စွာ ညှိနှိုင်းဆောင်ရွက်သည့်အတွက် မကြာသင့်သည့်အချိန်နှင့် အဆင်မပြေမှုများကြောင့် နှစ်နှစ်တာကာလအတွင်း အခက်အခဲများ တွေ့ကြုံခဲ့ရပါကြောင်း၊ ထို့ကြောင့် နောက်ပိုင်းတွင် ဗဟိုကော်မတီအဆင့်က ဝိုင်းဝန်းဆွေးနွေးပြီး နှစ်ဖက် Win-Win Solution ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကာ နိုင်ငံတော်အကြီးအကဲကိုလည်း တင်ပြခဲ့ပြီးနောက် လုပ်ငန်းကော်မတီ ဦးဆောင်၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ လက်မှတ်ရေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း Long Stop Date ဒီဇင်ဘာ ၂၆ ရက်မှစ၍ ၁၈ လတာကာလ ထပ်မံသက်တမ်းတိုးခဲ့ရာ အဆိုပါကာလအတွင်း လုပ်ဆောင်ရမည့် Condition Prece-dent များကို တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်ဆန်ဆန်ဖြင့် ဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးကျောက်ဖြူ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
များစွာအထောက်အကူပြုသည့် စီမံကိန်းတစ်ခုဖြစ်
အဆိုပါစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာကာ ကျန်စီးပွားရေးဇုန်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ သတ်မှတ်ထားသည့် ကာလအလိုက် အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ညှိနှိုင်းမှုများကို နှိုးဆော်တာဝန်ယူပေးသည့် ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ထိုသို့အောင်မြင်အောင် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ဗဟိုကော်မတီ၏ အောင်မြင်မှုတစ်ခုပင်ဖြစ်ကြောင်းနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အမြန်ဆုံးစတင်လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍ နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း။
တတိယစီမံကိန်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်းအကြောင်း အမျိုးမျိုးကြောင့် တာဝန်ပေးထားသည့် အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်း ရပ်စဲထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့် အနေအထားများလည်း ရှိပါကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလည်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိနေသည်ကို သိရပါကြောင်း၊ လက်ရှိထိုင်း အစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာသည့် အနေအထားများရှိသည့်အတွက် ယင်းအပေါ်တွင် မိမိတို့အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်း။
ဝိုင်းဝန်းအကြုံပြုဆွေးနွေး
ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရမူဝါဒအနေဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် အထူးစီးပွားရေးဇုန် တည်ထောင်ပြီး အရှေ့စီးပွားရေးစင်္ကြံ (Eastern Economic Corridor)ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟု ယူဆပါကြောင်း၊ တစ်ဖက်တွင်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ရင်းနှီးတည်ဆောက်သူအသစ်ရွေးချယ်၍ ကုန်ကျစရိတ်များသာရှိပြီး ဝင်ငွေမရှိသည့် Special Purpose Vehicle (SPV) ဖျက်သိမ်းရေးကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ခြောက်လတာကာလအတွင်း ရှေ့ဆက်ဆောင်ရွက်သွားမည့်ဇုန်အလိုက် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီများက ပွင့်ပွင့်လင်းတင်ပြပြီး ဗဟိုကော်မတီဝင်များကလည်း ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်းရေးမှူး (၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့က မြန်မာအထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အတည်ပြုချက်ရယူ
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်