နေပြည်တော်၊ အောက်တိုဘာ ၁
အထူးကုသမှု လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သော ကုသမှုများ ရရှိနိုင်စေရန် ရန်ကုန်နှင့် မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၃၀) နှင့် အောက်တိုဘာ (၁) ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ သွေးရောဂါပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြော အဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့သို့ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ဟင်္သာတမြို့ သာမက အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊ မြန်အောင်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကြံခင်း၊ သာပေါင်းမြို့နယ်များမှ မြို့ပေါ်နှင့်ကျေးလက်နေ ပြည်သူများပါဝင်ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၆၀)၊ ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာ လူနာ (၅၅) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ရောဂါဆိုင်ရာလူနာ (၁၉) ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၂၉) ဦး၊ သွေးရောဂါဆိုင်ရာ လူနာ (၁၉) ဦး၊ ရင်ခေါင်းဆေးပညာလူနာ (၂၈) ဦး၊ အထွေထွေရောဂါဆိုင်ရာလူနာ (၇၁) ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ လူနာ (၆၁) ဦး၊ အရိုးအကြောအဆစ်ရောဂါ ဆိုင်ရာလူနာ (၁၁၇) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၂၇၆) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ဆိုင်ရာလူနာ (၄၇) ဦး၊ အရိုးရောဂါ ဆိုင်ရာလူနာ (၉၂) ဦး၊ သားဖွားမီးယပ်လူနာ (၁၁၁) ဦး၊ အထွေထွေ ခွဲစိတ်လူနာ (၅၀)ဦး၊ ကလေးရောဂါ လူနာ (၃၈) ဦး၊ အရေပြားရောဂါလူနာ (၈၈) ဦး၊ ကင်ဆာရောဂါလူနာ (၃၆) ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၇၁) ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆိုင်ရာလူနာ (၂၈) ဦး စုစုပေါင်းဒေသခံပြည်သူ (၁၂၉၆) ဦးတို့ကို ကြည့်ရှုကုသမှု ပေးနိုင်ခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း(Echocardiography) (၄၆) ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) (၁၃) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၁၇) ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း (၁၄၂) ဦး၊ Ultrasound ရိုက်ကူးခြင်း (၄၅) ဦး၊ နှလုံးစက်ဖြင့်စစ် ဆေးခြင်း (ECG) (၇၁)ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၅၄) ဦး၊ အဆစ်အတွင်းဆေးထိုး ကုသပေးသူ (၁)ဦး တို့ကိုလည်း စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး မျက်စိရောဂါဆိုင်ရာခွဲစိတ်ကုသမှု (၂၁) ဦးကို ဆောင်ရွက် ပေးနိုင်ခဲ့သည်။
ထို့ပြင် နှလုံးရောဂါဆိုင်ရာလူနာ (၄) ဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ (၃) ဦးကို သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးသို့လည်းကောင်း လိုအပ်သော စမ်းသပ်ကုသမှုများ ဆက်လက်ခံယူနိုင်စေရေး လွှဲပြောင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့၌ လာရောက်ပြသ ကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ မျက်စိခွဲစိတ် လူနာများအတွက် မျက်မှန်များလှူဒါန်း၍ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားကာ ဒေသထွက်လက်ဆောင်ပေးအပ်သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၃)ကြိမ်၊ ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့၊ မိတ္ထီလာမြို့၊ မြိတ်မြို့၊ မော်လမြိုင်မြို့နှင့် မြစ်ကြီးနားမြို့များသို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်းသိရသည်။
အလားတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲသည် ကိုယ်ဝန်ဆောင် မိခင်များနှင့် နှစ်စဉ်မွေးဖွားလျက်ရှိသော ကလေးငယ်များအား အသက်အရွယ်အလိုက်လို အပ်သော ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက် (၅) နှစ်အောက် ကလေးများကိုလည်း Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက် နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး ကာကွယ်ဆေးထိုးစုရပ်၌ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးထိုးအဖွဲ့မှ အသက် (၁) နှစ်မှ (၅) နှစ်အတွင်း ကာကွယ်ဆေး လုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် ကလေးငယ်စုစုပေါင်း (၁၆၀)၊ အသက် (၁) နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံရမည့် ကလေးငယ် စုစုပေါင်း (၁၀၉) ဦးတို့ကို အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယို အစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး(IPV)၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး (MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး (Penta) များထိုးနှံ၊ တိုက်ကျွေးပေးခဲ့ရာ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ပံ့ပိုးပေးပြီး အာဟာရဖြစ် အစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
