နေပြည်တော်၊ ဖေဖော်ဝါရီ ၄
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်နှင့် (၄) ရက်တို့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် ခုတင် - ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-မန္တလေး တို့မှ ပါမောက္ခ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများ အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၆၂) ဦး၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာလူနာ (၁၃၂) ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ (၁၃၇) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၈) ဦး၊ အထွေထွေ ရောဂါဆေးပညာဆိုင်ရာလူနာ (၅၆၈) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၆၁) ဦး၊ အသည်းရောဂါ ဆိုင်ရာလူနာ (၂၉) ဦး၊ ဆီးချိုနှင့်ဟော်မုန်း ရောဂါဆိုင်ရာလူနာ (၂၀၀)၊ ကလေးကင်ဆာရောဂါဆိုင်ရာလူနာ (၈) ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောလူနာ (၅၉) ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၂၃၆) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁,၆၁၀) ဦးကို ကြည့်ရှု ကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် မကွေးမြို့သာမက မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၁၉) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၅၁) ဦး၊ အစာအိမ် မှန်ပြောင်းကြည့်ရှုခြင်း (OGD Scope) (၁၃) ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း (Colonoscope) တစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၃၅) ဦး၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးခြင်းငါးဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း (၁၆၂) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၃၁၃) ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း (၁,၁၃၃) ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၂၈) ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၃၉၁) ဦး၊ အဆုတ်အမြှေးပါးအတွင်းမှ အရည်များထုတ်၍ ဓာတ်ခွဲစမ်းသပ်ခြင်းနှစ်ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၂၅) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာတစ်ဦး၊ အရိုးအကြော အဆစ်ရောဂါဆိုင်ရာလူနာတစ်ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာနှစ်ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာခြောက်ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ သုံးဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာကျော်စိုးဝင်း၊ ပါမောက္ခ၊ ဌာနမှူး (နှလုံးဆေးကု) နှင့် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးရောဂါဆေးကုဌာနမှ ဆရာဝန်၊ သူနာပြုများ ပါဝင်သော အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်တွင် မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနရုံး၌ အခြေခံ အသက်ကယ်ကုသမှုသင်တန်း (Basic Life Support Training) ကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခ (ဆီးချိုနှင့်ဟော်မုန်း) ပါမောက္ခဒေါက်တာနီနီလှိုင်သည် ဆီးချိုသွေးချို ရောဂါအကြောင်း သိကောင်းစရာများကို လာရောက်ပြသသော လူနာများအား အသိပညာပေး ဟောပြောနိုင်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီသုံးရက်က လာရောက်ပြသကုသမှု ခံယူကြသော လူနာများအားကြည့်ရှု အားပေးပြီး ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက် လက်ဆောင်များပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကု ကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့နှင့် ယခု မကွေးမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်