စက်တင်ဘာ ၂ 

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ဓာတ်ခွဲ အတည်ပြုလူနာများနှင့်  အနီးကပ်ထိတွေ့ခဲ့သူများ၊   အသွားအလာကန့်သတ် ထားသူများအား  ကိုဗစ်-၁၉  ရောဂါ  ရှိ၊ မရှိ  ဓာတ်ခွဲစစ်ဆေးခြင်းကို  နေ့စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ  သြဂုတ်လ  ၃၁  ရက်နေ့  ည ၈ နာရီ သတင်းထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးတွေ့ရှိခဲ့ပြီး ထိုနေ့ အတွက်  ရောဂါပိုးတွေ့ရှိမှု    ၁  ဒသမ  ၁၁   ရာခိုင်နှုန်းရှိကာ   ရောဂါကူးစက်မှု  တစ်ရာခိုင်နှုန်း  ကျော်လွန်ခဲ့ပြီဖြစ်သည်။

ထိုနေ့က စိစစ်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးအနက်   ပြည်ပမှပြန်လည်ဝင်ရောက်လာသူများမှ   ရှစ်ဦး တွေ့ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်  ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။ ကျန်  ၉၆ ဦး၊  ၉၂ ဒသမ ၃ ရာခိုင်နှုန်းမှာ  ပြည်တွင်း၌  ကူးစက်ဖြစ်ပွားခဲ့သူများဖြစ်နေသည်ကိုတွေ့ရသည်။ ယခုနှစ်အစောပိုင်းတွင်  မြန်မာနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါကူးစက်ဖြစ်ပွားမှုမှာ သိသာစွာလျော့ကျလာခဲ့ပြီး ရောဂါတွေ့ရှိမှု သုည ဒသမအောက်ဖြင့် ဆယ်ဂဏန်း မျှသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် ယခုရက်ပိုင်းကာလများတွင် ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်းမှာ  တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး ယခုကဲ့သို့ တစ်ရာခိုင်နှုန်း အထက် ရောက်ရှိလာပြီဖြစ်ရာ  ကိုဗစ်-၁၉  ရောဂါကို  မပေါ့ဆဘဲ အထူးသတိပြု ကြရမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ  ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးတွင် ဆေးထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါ သည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ကမ္ဘာပေါ်တွင် လျော့ကျသွားခြင်း မရှိဘဲ  နိုင်ငံတကာနှင့်  အိမ်နီးချင်းနိုင်ငံများတွင်  ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသည်ကို  တွေ့ရပါသည်။ ဥရောပ၊ အမေရိကတွင် ကိုဗစ်-၁၉ ရောဂါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးသတိပေးထားသည့် မျောက်ကျောက် ကူးစက်ရောဂါလည်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး အာရှနိုင်ငံအချို့သို့ပါ ရောက်ရှိလာသည် ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါသည် ဗီဇမျိုးကွဲအမျိုးမျိုးဖြင့် အသွင်ပြောင်း၍  ကူးစက်မှုမြန်စွာဖြစ်ပွားလျက်ရှိသဖြင့်  ရောဂါကူးစက်မှုများ မြင့်တက်နေခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါမျိုးကွဲများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ခံရသူများတွင် တွေ့ရှိနေရ ပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း၌ အစုလိုက်ကူးစက်မှုများ ဖြစ်ပွားနေသည်ကို လေ့လာကြည့်ရှု သတိပြုကြရမည်ဖြစ်သည်။ ယခုဖြစ်ပွားနေ သော  ကိုဗစ်-၁၉  ရောဂါသည်  ကူးစက်မှုမြန်ဆန်သော်လည်း  ရောဂါကြောင့် သေဆုံးသူအလွန်နည်းပါးပြီး မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားနေသူများ မတွေ့ရှိရ၍ ပေါ့ပေါ့ဆဆ နေထိုင်သွားလာနေ၍မဖြစ်ပေ။ မည်သည့်ရောဂါမဆို ရောဂါဖြစ်ပွားပါက  အနည်းနှင့်အများ  ရောဂါဝေဒနာများခံစားရပြီး  အလုပ်ပျက် အကိုင်ပျက်နှင့် ငွေကုန်ကြေးကျ ဒုက္ခအခက်အခဲများ ရောက်ရှိနိုင်သည်ကို သတိပြု ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားလာမှုကြောင့် မိမိတို့အား မကူးစက်စေဘဲ   ရောဂါလျော့ကျစေရန်အတွက်   ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉  ရောဂါကာကွယ်ရေးနည်းလမ်းများကို  တိကျစွာ လိုက်နာကြရန် လိုအပ်သည့်အပြင် ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွား မှု၊  ပြင်းထန်မှု၊ သေဆုံးမှုတို့ကိုလျှော့ချပေးနိုင်သဖြင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံကြပါရန်  တိုက်တွန်းအပ်ပါကြောင်း။            ။

ကြေးမုံ