ကရာကတ် ၁၃ မေ
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုသည် ၄င်းကိုထောက်ခံသူများအား ကြောက်စိတ်ကိုဖယ်ထုတ်ရန်နှင့် သမ္မတမာဒူရိုကိုဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
တပ်ဖွဲ့တွင်း ပုန်ကန်မှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တွင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုသည် ဥပဒေပြုအမတ်များကို ဖိအားပေးလျက်ရှိသည်။ မြို့တော် ကရာကတ် အရှေ့ပိုင်းရှိ အတိုက်အခံများ၏ ရင်းနှီးကျွမ်းဝင်နေသည့်နေရာဖြစ်သည့် ရင်ပြင်တစ်ခုတွင် ဂွိုက်ဒို၏ မိန့်ခွန်းကို နားထောင်ရန်လာရောက်ကြသည့် ပြည်သူ ၁၅၀ဝ မှ ၂၀ဝဝ အထိ ရှိသော်လည်း အစောပိုင်းကာလက ဖြစ်ပွားခဲ့သည့် ဆန္ဒဖော် ထုတ်မှုများတွင် ပါဝင်ခဲ့သူ ထောင်ပေါင်းများစွာနှင့်စာလျှင် အတော်လေး လျော့နည်း သွားခဲ့သည်။
အခြားမြို့များရှိ မာဒူရိုကိုဆန့်ကျင်သည့် လူထုစုဝေးချီတက်မှုများသည်လည်း ယခင်ရက်သတ္တပတ်များအတွင်းက လူအင်အားနှင့်စာလျှင် လျော့နည်းသွားဟန် ရှိကြောင်း လူမှုကွန်ရက်ပေါ်ရောက်ရှိနေသည့် သတင်းဓာတ်ပုံများနှင့် ရုပ်သံဖိုင်များအရ ခန့်မှန်းရသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က အာဏာသိမ်းကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီး ယင်းကြိုးပမ်းမှုအတွင်း လူခြောက်ဦးသေဆုံးခဲ့ပြီးနောက်တွင် ဆန္ဒပြချီတက်သူအရေအတွက် လျော့ကျလာမှုက ပြည်သူများခြေကုန်လက်ပန်းကျနေဟန်ရှိသည့် လက္ခဏာ တစ်ခုအနေဖြင့် တွေ့ မြင်ရသည်။
မိမိတို့အနေဖြင့် သမိုင်းဝင်အခိုက်အတန့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုက ကရာကတ်ရှိ လူထုစုဝေးမှုတစ်ခုတွင် ၄င်းကို ထောက်ခံသူများအား ပြောကြားခဲ့ပြီး တိုက်ခိုက်မှုကို အရှုံးမပေးရန် တိုက်တွန်းခဲ့သည်။
အကြောက်တရား၏ အကျဉ်းသားအနေဖြင့် မျှော်လင့်ချက်မဲ့စွာ အသက်ရှင် မည့်အစား မျှော်လင့်ချက်များ၊ ခွန်အားများ၊ ယုံကြည်မှုများဖြင့် လမ်းများပေါ်သို့ ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း ၄င်းက တိုက်တွန်းခဲ့သည်။
အေအက်ဖ်ပီ