CDM မဝင်သည့် ဝန်ထမ်းများကို တရားစွဲ၊ အရေးယူနိုင်သည့် CDM ဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ပြဋ္ဌာန်းလိုက်သည်ဟု ပြည်ဖျက်သတင်းဌာနတစ်ခုက သတင်း တစ်ပုဒ် ထုတ်လွှင့်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရှိမနေသည့်အပြင် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခံထားရသည့် ပြည်ပြေးအုပ်စုတစ်စုက နိုင်ငံအတွင်း၌ ဥပဒေနှင့်အညီ နေထိုင်လျက်ရှိပြီး သစ္စာရှိရှိဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများကို နည်းလမ်း တစ်ခုဖြင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ အချင်းချင်းပင် ဖြေရှင်း၍ မရသော ပြဿနာများနှင့် သပွတ်အူလိုက်နေသည့်အဖွဲ့က ကယောင်ကတမ်းထလုပ်လိုက်သည့် လုပ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

 

နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများမှာ မည်သည့်အစိုးရတက်လာသည် ဖြစ်စေ၊ မည်သို့မူဝါဒ ချမှတ်သည် ဖြစ်စေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ကြရသူများဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ စနစ်အရ ငါးနှစ်တစ်ကြိမ် အစိုးရအဖွဲ့များ တက်လာခြင်း၊ ဆင်းသွားခြင်းတို့ ရှိနေမည်ဖြစ်သော်လည်း ဝန်ထမ်းအဖွဲ့အစည်းများမှာ တစ်သမတ်တည်းရှိနေကြရသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်ပြီး ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းတို့ကို လိုက်နာကြရသည်။ အဆိုပါဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များမှာ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရနှစ်ဆက်တို့၏ လက်ထက်တို့တွင်လည်း တည်ရှိခဲ့သည်။ ဝန်ထမ်းများကို ပါတီနိုင်ငံရေး အကျိုးစီးပွားအတွက် အသုံးချကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တို့ကို ချိုးဖောက်ရန် လှုံ့ဆော်ခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ မှာ ဥပဒေမဲ့ ကျူးလွန်ခဲ့ကြခြင်းပင်ဖြစ်သည်။

 

၂၀၁၇ ခုနှစ် NLD အစိုးရလက်ထက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေခဲ့သည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်တွင် လုပ်ငန်းခွင်အတွင်း ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်း၍ ရှောင်ကြဉ်ရမည့် စည်းကမ်းများ၌ “တာဝန်အရ အထက်အကြီးအမှူးက ဥပဒေနှင့်အညီ ပေးသည့်အမိန့်ကို ဝန်ထမ်းကိုယ်တိုင် ဖီဆန်ခြင်း၊ အခြားဝန်ထမ်းတို့ကို ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သွေးဆောင်စည်းရုံးခြင်းဟူ၍လည်းကောင်း၊ “နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်းဟူ၍လည်းကောင်း၊ “နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင် ပါဝင်ခြင်း၊ သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းဟူ၍လည်းကောင်း ပါရှိသည်။ ထို့အပြင် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့် စပ်လျဉ်း၍လည်း “ပါတီနိုင်ငံရေးပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုအတွက် ငွေကြေး အကူအညီ ပေးခြင်း၊ အခြားနည်း ထောက်ပံ့ကူညီခြင်းတို့ကို ရှောင်ကြဉ်ရန်၊ “မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆွယ်ခြင်း၊ အကူညီပေးခြင်း တို့ကို ရှောင်ကြဉ်ရန်တို့ကို ထည့်သွင်းပြဋ္ဌာန်းထားသည်ကိုတွေ့ရှိ နိုင်သည်။

 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ အဓိကရုဏ်းကာလအတွင်း လှုံ့ဆော်မှု၊ သွေးဆောင် ဖြားယောင်းမှုတို့ကြောင့် CDM ခေါ် နိုင်ငံနှင့် ပြည်သူ့အပေါ်သစ္စာမဲ့သည့် ကျူးလွန်သွားခဲ့သူများ ရှိခဲ့သည်။ အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခံထားရသော CRPH, NUG တို့၏ လိမ်လည် လှည့်ဖြားမှုနောက်သို့ အလိုက်မှားခဲ့ကြသူများ၏ ကျော်မကောင်း၊ ကြားမကောင်းဖြစ်ရပ်များ၊ ရင်နင့်ဖွယ် ဖြစ်ရပ်ဆိုးများ၊ ရင်နာစရာဇာတ်လမ်းများကို ယနေ့တိုင် မပြီးဆုံး သေး။ CRPH နှင့် NUG တို့၏ လိမ်လည်မှု သားကောင်ဘဝ ကျရောက်ခဲ့ရသူများ၏ ပေါက်ကွဲသံများ၊ ညည်းညူသံများ၊ ငိုရှိုက် သံများလည်း မတိတ်ဆိတ်သေး။ ၎င်းတို့ပေးထားခဲ့သည့် ဒုက္ခများအတွက် တာဝန်ယူ ဖြေရှင်းပေးမှုမရှိ၊ တာဝန်မဲ့ ပြုမူခဲ့ကြသည့်အပြင် ဥပဒေဘောင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို တရားစွဲမည်ဟု အတည်ပေါက်ဖြင့် ခြိမ်းခြောက်ခြင်းမှာ ကောက်ကျစ် စဉ်းလဲမှုတစ်ခုမျှသာဖြစ်ကြောင်း။

 

မြန်မာ့အလင်း