ကျိုက်မရော ၁၉ ဇန်နဝါရီ
မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက အဆိုပါတံတား တည်ဆောက်ရေး မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးမင်းကျော်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ မွန်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးနှင့် မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်အေးအေးမို့၊ ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော် ဦးခင်ဇော်ဦးတို့က သတ်မှတ်ထားသည့် နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်၌ ပန္နက်တော်များကို တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာတိုင်အား စက်ခလုတ်နှိပ်၍ ရိုက်သွန်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပန္နက်တော် မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပေးခဲ့သည်။
ယနေ့ကျင်းပသော ပန္နက်တော်တင်ခြင်း မင်္ဂလာအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆောက်လုပ်ရေး တံတားအဖွဲ့(၁၄)မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကျိုက်မရော (ပြန်/ဆက်)