နေပြည်တော် ၂၁ စက်တင်ဘာ
လူမှုဘဝနယ်ပယ်တွင် အတ္တဟိတ ပရဟိတ ဤနှစ်ခု အားပြိုင်မှုဖြင့်ကောင်းခြင်း၊ ဆိုးခြင်း အကျိုးအနည်း၊ အများ ဖြစ်ပေါ်ပါသည်။ အတ္တနှင့်ပရ တည်းဟူသော အမှုကို ဆောင်ကြဉ်းကြရာတွင် မိမိအတွက်လား၊ အများအတွက်လား မည်သည့်အမှုအား ပို၍ရှေ့တန်းတင်ကြသည်ကို ဆန်းစစ်ကြည့်ရမည်ဖြစ်သည်။ လူ့ဘောင်လောကတွင် အတ္တကိုသာ ရှေ့တန်းတင်ကြသည်က များသည်ဟု ဆိုချင်သည်။ အကယ်၍ ပရကိုရှေ့တန်းတင်၍ အတ္တလျော့ပါးလျားအောင်လုပ်မည်ဆိုပါက လှပသော လူ့ဘောင်လောက တည်ဆောက်နိုင် ပေလိမ့်မည်။
ပရအတ္တနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီမိုကရေစီကို တန်ဖိုးထားပြီး ရှင်သန်စေချင်တယ်ဆိုရင် ပရဟိတ အတ္တဟိတ ဒီနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် လုပ်ရမှာဖြစ်ပါတ်” ဟု ပြောကြား ထားသည်။ လူတို့သည် အတ္တကိုယ်ကျိုးစီးပွားအတွက် ရှင်သန်နေသူများရှိသလို အများအကျိုးအတွက် လှုပ်ရှားနေသူများလည်းရှိသည်။ ယခုအခါ အများအကျိုး သယ်ပိုးကြသူများကို ဒေသအနှံ့တွင် မြင်တွေ့လာရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ မိမိအကျိုးကိုမငဲ့ဘဲ အများအကျိုးအတွက် စွန့်လွှတ်စွန့်စားလုပ်ကိုင်ကြသည်မှာ ဂုဏ်ယူစရာဖြစ်သည်။
သို့သော် အချို့သောကဏ္ဍတို့တွင် အများအကျိုးကို ရှေ့တန်းမတင်ဘဲ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေကြသောကြောင့် မပြေလည်မှုများ၊ မအောင်မြင်မှုများ ဖြစ်နေသည်ကိုတွေ့ရသည်။ သတင်းစာပညာတွင် အများပြည်သူအား အသိပေးတင်ပြရာ၌ လူအများအကျိုးကို ရှေးရှုရသည်။ လူအများအကျိုးနှင့် အများပြည်သူအကျိုး စီးပွားယှဉ်လျှင် အများပြည်သူအကျိုး စီးပွားကိုရှေးရှုရသည်။ အများပြည်သူအကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားယှဉ်လျှင် နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုရသကဲ့သို့ ပိုမိုအရေး ကြီးသော၊ ပိုမိုတန်ဖိုးများသော အရေးကိစ္စများကို ပိုမိုအလေးထားရသည်။
ပုထုဇဉ်လူတို့သည် ကိုယ်ကျိုးစီးပွား အတ္တနှင့်မကင်းနိုင်သည်မှာ မှန်သော်လည်း တစ်ဦးချင်း အနည်းမှအများဆီသို့ ဦးတည်ရမည်ဖြစ်သည်။ တစ်ဦးချင်းအခွင့်အရေး၊ တစ်ဦးချင်းရပိုင်ခွင့်မှ ကိုယ့်မိသားစုအခွင့်အရေး၊ ရပိုင်ခွင့်ဆီသို့လည်းကောင်း၊ ကိုယ့်မိသားစုအခွင့်အရေးမှ ကိုယ့်ရပ်ရွာ အခွင့်အရေး၊ ကိုယ့်မိသားစုရပိုင်ခွင့်မှ ကိုယ့်ရပ်ရွာရပိုင်ခွင့်။ ထိုမှ ကိုယ့်မြို့နယ်အခွင့်အရေး၊ ထိုမှ ကိုယ့်တိုင်းကိုယ့်ပြည်နယ်အခွင့်အရေး၊ ရပိုင်ခွင့်။ ကိုယ့်လူမျိုးအခွင့်အရေး၊ ရပိုင်ခွင့်။ ထိုမှတစ်ဆင့် ကိုယ်နိုင်ငံအခွင့်အရေး၊ ရပိုင်ခွင့်။ ထိုမှတစ်ဆင့် ကိုယ့်က္ဘာအခွင့်အရေး စသည်ဖြင့် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဆောင်ကြဉ်းယူရမည် ဖြစ်သည်
ထိုသို့ အများအခွင့်အရေး၊ ရပိုင်ခွင့်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း တိုးတက်ရယူနိုင်ကြရန်အတွက် မိမိတို့ကိုယ်ပိုင်အရေးကိစ္စမှစ၍ အတ္တမာနများကို လျှော့ချကြရမည်ဖြစ်သည်။ ပြည်သူအများ၏ဆန္ဒ၊ ယုံကြည်ချက်၊ မျှော်လင့်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စဉ်းစားတွေးတောထား ရမည်ဖြစ်သည်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မကြာခဏ မှာကြားလေ့ရှိသည့် “ကိုယ်ဘာရနိုင်မလဲဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်ရန်” အလေးထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ အတ္တဟိတ ပရဟိတ အားပြိုင်လျက်ရှိသည့် လူမှုဘဝ၊ စီးပွားရေးဘဝ၊ နိုင်ငံရေးဘဝ နယ်ပယ်အသီးသီးတွင် အတ္တဟိတ ပရဟိတ ဤနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် အားထုတ်မှုပြုရာ၌ အတ္တဟိတကိုအလေးမပေးဘဲ အများအကျိုး၊ နိုင်ငံ့အကျိုးကိုရှေးရှု၍ လူ့ဘောင်လောက သာယာမှုဖြစ်အောင် အလေးထားဆောင်ရွက်စေလိုပါကြောင်း။ ။
ကြေးမုံ