နေပြည်တော် ၁၁ ဇန်နဝါရီ

 

ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အဋ္ဌမအကြိမ် လေးမြိုင်ဓမ္မပူဇာ စာပေဆုချီးမြှင့်ပွဲနှင့် ထေရဝါဒ ဓမ္မစာမူဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဓမ္မဗိမာန်တော်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့ နာယကဆရာတော် ဗိုလ်ကလေး အရှင်ပဏ္ဍိတက သြဝါဒအမှာစကားမြွက်ကြားကာ အမျိုးသားစာပေတစ်သက်တာဆုရ စည်သူ လယ်တွင်းသားစောချစ်က မုဒိတာစကား ပြောကြားသည်။

 

ထို့နောက် ဆုအလှူရှင် အမျိုးသားစာပေတစ်သက်တာဆုရ ဓမ္မရံသီနှင့် ဓမ္မရတနာ ဓမ္မမဂ္ဂဇင်းများ၏ အယ်ဒီတာချုပ် ဆရာကြီးစည်သူဦးလေးမြိုင်က လေးမြိုင်ဓမ္မပူဇာစာပေ ဆုရရှိကြသည့် တရားကိုဘယ်လို ချစ်ကြမလဲနှင့် ဓမ္မစာစုများစာပေဖြင့် အရှင်အဂ္ဂဝံသ (မော်ကျွန်း)၊ သဘောထားမှန်မှန် အမြင်မှန်မှန် စာပေဖြင့် အရှင်အာစာရ(ကံယုံ)၊ ပြိတ္တာများနှင့် တွေ့ဆုံခြင်း စာပေဖြင့် သုန္ဒရဝင်း(ချောင်းဦး)၊ ပထမထွတ်ခေါင်ဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းသံပေါက်များ ဖွင့်ဆိုချက် စာပေဖြင့် ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ် အယ်လ်)နှင့် မန္တန်နှင့် ပရိတ်ရောမကြိတ်ပါနဲ့ စာပေဖြင့် အောင်ထိုက်(ရွှေဘို)တို့ကို ဆုများပေးအပ်သည်။

 

ယင်းနောက် လေးမြိုင်ဓမ္မပူဇာစာပေဆု ရရှိသူများကိုယ်စား ဆရာတော် အရှင် အဂ္ဂဝံသ(မော်ကျွန်း)က ကျေးဇူးတင်စကားမြွတ်ကြားပြီး ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး ဦးညွန့်မောင် (ဓမ္မာစရိယ၊ ဘီအေ၊ အာရ်အယ်လ်)က ထေရဝါဒ ဓမ္မစာမူ ဆုချီးမြှင့်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ဆုအလှူရှင်များက ဓမ္မဝါဒဖော်ဆောင်ရေးအဖွဲ့မှ ပေးအပ်သည့် ထေရဝါဒ ဓမ္မစာမူဆုများထဲမှ ဓမ္မအဓမ္မဆိုင်ရာ စာမူဆု၌ “ဓမ္မကိုငြင်းပယ်သူများနှင့် မှားယွင်းစွာ ဟောကြသူများ” စာမူဖြင့် ပထမဆုရ အောင်အောင်ဇော်(လှိုင်သာယာ)နှင့် “ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာလဲ” စာမူဖြင့် ဒုတိယဆုရ ဓမ္မိက(စကားဝါမြေ)၊ အယူအမြင် စင်ကြယ်ရေးဆိုင်ရာ စာမူဆု၌ “ပညာမပါ သဒ္ဓါမစစ်” စာမူဖြင့် ပထမဆုရ ဇော်မြင့်ထွန်း၊ “သူတော်ကောင်း တရားတု”စာမူဖြင့် ဒုတိယဆုရ သက်ဝေမှူး(မြဝတီ)နှင့် “မှားလျှင်အပြစ် မှန်လျှင်အကျိုး”စာမူဖြင့် တတိယဆုရ ကိုချို(မြကိုင်း)တို့ကို ဆုများပေးအပ်ကြသည်။

 

mdn

 

ယင်းနောက် ဆုရရှိသူများကိုယ်စား ဓမ္မိက(စကားဝါမြေ)က ကျေးဇူးတင်စကား ပြောကြားပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးစိုးဝင်းက မုဒိတာစကားပြောကြားသည်။

 

သတင်း - နေလင်း၊ ဓာတ်ပုံ - မင်းသစ်(MNA)